Thursday 29 December 2011

လောကနဲ့ ရဟန်းဘဝ


    လောကကြီးတွင် ဘယ်အရာမှ လွယ်လွယ်နဲ့မရပေ။ အချိန်၊ငွေနှင့် ကာယအား ဥာဏအားတို့ စိုက်ထုတ်မှသာ အောင်မြင်မှုတစ်ခုဆီသို့ရောက်နိုင်သည်။ ထို့အတူ ဘ၀တစ်ခု တည်ဆောက်ရာ မှာလည်း ကံ၊ဥာဏ်၊၀ီရိယ သုံးပါးလုံး ရင်းနှီးမြုပ်နှံနိုင်မှသာလျှင် လိုချင်သောဘ၀တစ်ခုကို ပိုင်ဆိုင်နိုင် မည်ဖြစ်သည်။ လောကဓံတရား(၈)ပါးကို အဖော်မွန်များလုပ်ပြီး ယုံကြည်ချက်လမ်းကို လျှောက်လှမ်း နေရခြင်းဖြစ်သည်။ ဒီလိုလျှောက်လှမ်းကြတာခြင်းအတူတူ ရဟန်းတော်များသည်ကား လူပုဂ္ဂိုလ်များ ကဲ့သို့ သွားချင်တိုင်းသွားမရ၊ စားချင်တိုင်းစားမရနှင့် အပျော်အပါးကိုလျော့ကာ သတိနဲ့ထိမ်းချုပ် ပညာဥာဏ်အုပ်စိုးကာ ဘ၀ကိုထိန်းကြောင်းနေရသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက သူတည်ထောင်ခဲ့သော သာသနာတော်တွင် အဓိကမဏ္ဍိုင်ဖြစ်သော ရဟန်းတော်များဘ၀ ရဖို့ရန်ခဲယဉ်းကြောင်း " ပဗ္ဗဇ္ဇ ဘာဝေါ ဒုလ္လဘော "ဟု ဟောတော်မူထားခြင်းဖြစ်သည်။
    ရဟန်းတစ်ပါးဖြစ်လာဖို့ရန် ကိုရင်ပေါက်စဘ၀ကစ၍ မိဘ၊ဆရာသမားများက ကိုရင်ဘ၀ ပျော်ရွှင်စေရန် အလိုလိုက် အကြိုက်ဆောင်ကာ မွေးမြူပေးခဲ့ရသည်။ ကိုရင်ဘ၀ပျော်ရွှင်တော့လဲ ဒီအတိုင်းမနေရ စာသင်တိုက်ပို့ခဲ့သည်။ အစားဆင်းရဲ အနေဆင်းရဲနှင့် စာဝါများကုန်းအော်ကာ ကျက်ရမှတ်ရ၊ ဖြေခဲ့ရသည်။ အသက်(၁၇-၁၈) စိတ်ကစားတတ်တဲ့အရွယ်မှာ လူထွက်ချင် စိတ်များဖြစ်ပေါ်လာသည်မှာ ဓမ္မတာဖြစ်သည်။ "တစ်မိပေါက်တစ်ယေက်ထွန်း၊ တပည့်တော်တို့ အမျိုးထဲ သာသနာ့ဘောင်မှာ တစ်ပါးမှမရှိဘူး လူမထွက်ပါနဲ့"ဟူသော စကားဖြင့်ချည်တုပ်ခံရသည်။
တစ်ချို့ကထင်ကြမည် ရဟန်းဘ၀သည် လူတွေလောက်ပင်ပန်းမည်မဟုတ်။ သူများ   လှူတဲ့ဆွမ်းစားပြီး စာကျက်စာဖြေလောက်သာ လုပ်ရမည်။ ညိမ်းလှသည်ဟုထင်ကြပေမည်။ ဒီလိုထင် မြင်သောပုဂ္ဂိုလ်များသည် ဘုရားကျောင်းကန်နှင့် ဝေးနေသူများကသာ ထင်မြင်ယူဆပေလိမ့်မည်။
    အထက်မှာတင်ပြခဲ့သည်များကား ရဟန်းတစ်ပါးဖြစ်လာရန် မည်သို့မည်ပုံမွေးမြူခဲ့ရသည်ကို  ဆရာသမားများနှင့်မိဘများကသာ ပိုမို၍နားလည်ပေလိမ့်မည်။ ယခုခေတ်ကား ရုပ်ဝတ္ထုများထွန်းကား လာသည်ကတစ်ကြောင်း၊ ခေတ်ကာလအတန်းကျောင်းများ ပေါများလည်သည်ကတစ်ကြောင်း ကြောင့် တောရွာများရှိဘုန်းကြီးကျောင်းများတွင် ကိုရင်ပေါက်စလေးတစ်ပါးတွေ့ဖို့ရန် ခက်ခဲလာချေပြီ။ "သာသနာအရင်းအမြစ် တောကဖြစ်၏" ဟု ဆက်လက်၍ကြွေးကြော်နိုင်ပါဦးမည်လော။ ကိုရင်မရှိ လျှင် ရဟန်မဖြစ်နိုင်။ ရဟန်းမရှိလျှင် ဒို့ဗုဒ္ဓမြတ်စွာ၏သာသနာတော်ကို မည်သူတွေက ၀င်ထိန်း မည်နည်း။
ငယ်ရွယ်သောစာသင်သား ရဟန်းတော်များသည် ဗုဒ္ဓစာပေတွေကိုသင် အမြင်ကျယ်၍ နားလည်လာသည့် အခါမှာတော့ သံသရာဆင်းရဲကြောင်းနားလည်ကာ မိမိရောက်ရှိနေသောဘ၀ကို နှစ်သက်ပြီး မြတ်ဗုဒ္ဓ၏သာသနာကို ၀င်ရောက်ထမ်းရွက်ရင်း မိမိသန္တာန်၌ ဖြစ်ပေါ်လာသော အကုသိုလ် တရားများကို တဖြည်းဖြည်းနည်းပါးအောင် ဆောင်ရွက်ရင်း သာသနာပြုနေကြလေသည်။
       
    အနုပုဗ္ဗေန မေဓာဝီ၊ ထောကံ ထောကံ ခဏေ ခဏေ။
    ကမ္မာရော ရဇတေဿဝ၊ နိဒ္ဓမေ မလမတ္တနော။

 ပန်းတိမ်ဆရာသည် ရွှေ၏အညစ်အကြေးကို တဖြည်းဖြည်းထုတ်သကဲ့သို့
ပညာရှိသည် အစဉ်သဖြင့် မိမိ၏ အညစ်အကြေးကို အနည်းငယ်အနည်းငယ်
 အခွင့်ရတိုင်း ရာဂစသော အညစ်အကြေးကို ထုတ်ပယ်ရာ၏။

 Let the wise one blow away passions and impurities of the self, little by little by chance,
again and again, moment to moment, like a goldsmith removes impurities from gold.

No comments:

Post a Comment