Thursday 31 May 2012

ဘ၀လှအောင် ကံကိုဆောင်

              ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ= သတ္တ၀ါတို့ကို ကံကသာခွဲခြားဝေဖန်ပေးတယ်၊
သတ္တ၀ါဆိုတော့ သက်ရှိအရာတွေ အကုန်ပါဝင်သွားတယ်။ ဒီသက်ရှိတွေကို ဘယ်သူတွေက
အကောင်းအဆိုးတွေကို ဖန်တီးနေသလဲဆိုရင် ကံကသာဖန်တီးပေးနေတာပါ။
ဒါ့ကြောင့် ကံကောင်းအောင် ဘယ်လိုတွေလုပ်ဆောင်ကြမှာလဲ။ ဒီကံကိုရော ဘယ်သူကဖန်တီးသလဲ၊
ကံအကြောင်းလေး စဉ်းစားနေမိတာနဲ့ ဒီမေးခွန်းနှစ်ခုကို ပြန်မေးဖြစ်လိုက်ပါတယ်။ ကံအကြောင်းလေးစဉ်းစားမိတာလဲဆန်းဆန်းလေးပဲ၊ မနက်ကသင်တန်းတက်ဖို့
ထိုင်ခုံပေါ်ထိုင်လိုက်ကာရှိသေး တစ်ဝိုင်းတည်းအတူကျသူ ဦးတိလောက
ပြောလိုက်တာက ဒို့ငှားနေတဲ့အဆောင်ဘေးနားကအိမ်မှာ ခွေးကြီးသေလို့တဲ့
 စောင်နဲ့ပတ်ပြီး သေချာကိုပြင်ဆင်ထားတာ အိမ်ကလူတွေကလဲ ငိုနေလိုက်ကျတာ
တစ်အိမ်လုံးပဲတဲ့၊ ဒါနဲ့နောက်လိုက်တယ် ဘုန်းကြီးတွေကိုပင့်သေးလားလို့
မေးလိုက်တော့ ပင့်တော့မပင့်ဘူး ဒါပေမဲ့ ခွေးကြီးကောင်းရာရောက်ပါစေဆိုပြီး
 မေတ္တာပို့ပေးလိုက်တယ်တဲ့။

               ဒီစကားလေးကြားမှ အော် သတ္တ၀ါတစ်ခုကံတစ်ခုပါလား၊ ခွေးဖြစ်တာခြင်း
အတူတူ ပိုက်ဆံရှိတဲ့အိမ်မှာခွေးသွားဖြစ်တယ်။ အဲဒီခွေးကို သက်ရှိထင်ရှားရှိနေချိန်မှာ တစ်အိမ်လုံးက၀ိုင်းချစ်ကြတယ်။ ကောင်းကောင်းမွန်မွန်ကျွေးမွေးထားတယ်။
 သေသွားတော့ ကောင်းကောင်းမွန်မွန် မြုပ်နှံပေးကြတယ် ပြီးတော့ဝမ်းနည်းနေတယ်။ မြင်ရတဲ့
သူက မေတ္တာဝိုင်းပို့ကြတယ်။ လမ်းဘေးကခွေးလေးတစ်ကောင်အတွက်တော့ ဒီမြင်ကွင်းတွေဟာ အားကျစရာပါပဲ။အားကျမယ်ဆိုလဲ ကျချင်စရာမြင်ကွင်းတွေမဟုတ်လား ဟိုနားကပ်စား၊
ဒီနားရှားစားနဲ့ ရုန်းကန်နေရတဲ့ သူ့ဘ၀ထက်စာရင် ဒီသေသွားတဲ့ခွေးဟာ အများကြီးကံကောင်းနေ
တယ်လေ။

                ဒီလိုပါပဲ လူ့ဘ၀ကြီးကိုလဲ စဉ်းစားကြည့်ရအောင်။ တစ်ချို့ကမွေးလာကတည်းက ချမ်းသာတဲ့အသိုင်းအ၀ိုင်းမှာမွေးလာတယ်၊ တစ်ချို့က အလယ်အလတ်တန်းထဲမှာမွေးတယ်။
တစ်ချို့က ဆင်းရဲတဲ့မိသားစုမှာပေါက်ဖွားလာတယ်။ ချမ်းသာတဲ့အသိုင်းအ၀ိုင်းမှာမွေးလာသူက စီးပွားရှာရာမှာ လှုပ်ခါလက်ခါနဲ့ ငွေကြေးချမ်းသာနေတယ်။အလယ်အလတ်အသိုင်းအ၀ိုင်းမှာ
 မွေးလာသူက ခွန်အားနည်းနည်းစိုက်ပြီး စီးပွားရှာနိုင်တယ်။ ဆင်းရဲတဲ့မိသားစုမှာ
ပေါက်ဖွားလာသူကတော့ နပ်မှန်ဖို့အရေး တစ်နေကုန်ရုန်းကန်လှုပ်ရှားနေရတယ်။
လူဖြစ်တာချင်းအတူတူ ဘာဖြစ်လို့ဒီလိုတွေကွာခြားနေရတာလဲ။
အဖြေကရှင်းရှင်းလေးပါ ကံခြင်းမတူလို့ပါပဲ။ လုပ်ဆောင်ချက်ခြင်းမတူခဲ့လို့ပါပဲ။
တကယ်တော့ ကံဆိုတာ ကမ္မဆိုတဲ့ပါဠိစကားကနေဆင်းသက်လာတဲ့ ပါဌ်ပျက်တစ်ခုပဲမဟုတ်လား။
ကမ္မရဲ့အနက်အဓိပ္ပါယ်က အမှုလုပ်ငန်း၊ လုပ်ဆောင်မှုပါ။

                ဒါ့ကြောင့် တစ်ချို့က အလုပ်တစ်ခုလုပ်ရာမှာ စေတနာပါပါနဲ့လုပ်ကြတယ်။ ပရဟိတပဲလုပ်လုပ်ဘာသာရေးပဲလုပ်လုပ် စေတနာစိုက်ထုပ်ပြီးလုပ်ကြတယ်။
တစ်ချို့က၀တ်ကျေတမ်းကျေလုပ်ကြတယ်။ တစ်ချို့ကလုပ်ကိုမလုပ်ကြတာပါ။
 ဒီလိုမျိုးလုပ်ဆောင်ချက်တွေ ကွာခြားတော့ အကျိုးပေးကလဲ ကွာခြားသွားတာပါ။
အကျိုးပေးကွာခြားတော့ အဆင့်အတန်းချင်းလဲ ကွာခြားသွားတာပါ။
 စေတနာကွာလို့ကံအကျိုးပေးကွာတယ်၊ကံအကျိုပေးကွာလို့ အဆင့်အတန်းကွာတယ်။
 ဒီအဖြေဟာ ရှင်းရှင်းလေးပါပဲ။ ဒီကံတရားတွေကို ဘယ်သူက
ဖန်တီးသလဲ မိမိကိုယ်တိုင်ပဲဖန်တီးခဲ့တာပဲမဟုတ်လား။

            ဒါ့ကြောင့် ဘ၀သံသရာမှာ အဆုံးမသတ်နိုင်သမျှ ချမ်းချမ်းသာသာ ကောင်းကောင်းမွန်မွန်
 နေနိုင်အောင်ကံတရားကောင်းအောင်လုပ်ထားဖို့လိုပါတယ်။ ဘယ်လိုကံကောင်းအောင်
လုပ်ကြမှာလဲ ဗုဒ္ဓဘာသာနည်းလမ်းအရတော့ ဒါနကံ၊ သီလကံ၊ ဘာဝနာကံတွေဟာ
အင်မတန်လုပ်ရလွယ်တဲ့ ကံအကြောင်းတွေပါ။ ပိုက်ဆံရှိမှဒါနကံပြုလို့ရတာ
မဟုတ်ဘူး၊ မိမိတို့စားနေတဲ့အထဲကနေ လမ်းဘေးခွေးလေးတစ်ကောင်လောက်ကို
 စေတနာပါပါနဲ့ကျွေးမွေးမယ်ဆိုရင်လဲ ဒါနကံမြောက်ပါတယ်။ အများကြီးလှူမှ
ဒါနမြောက်တာမဟုတ်ပါဘူး စေတနာသာအဓိကပါ။ သီလကံလဲအတူပါပဲ
 မိမိတို့သတ်နိုင်သလောက် သီလတွေကိုထိမ်းသိမ်းစောင့်ရှောက်နေမယ်ဆိုရင်
သီလကံဟာပြီးမြောက်တာပါ။

            ဒီနေ့တော့ အလုပ်ရှုပ်နေလို့ ဘယ်သီလတော့ စောင့်ထိမ်းဖြစ်အောင်
စောင့်ထိမ်းနေမယ်လို့ စိတ်ကူးဖြတ်ထားပြီး အဲဒီသီလကို မကျိုးအောင်စောင့်ထိမ်းခဲ့မယ်ဆိုရင်
သီလကံလုံခြုံသွားတာပါပဲ။ ဘာဝနာကံဟာ သွားရင်းလာရင်း၊ စားရင်းသောက်ရင်းတောင် ပွားများအားထုတ်လို့ရပါတယ်။ ဘယ်အရာမှမမြဲဘူး၊ ဒီဟာတွေကို ထိမ်းသိမ်းစောင့်ရှောက်
 နေရတာကိုက ဆင်းရဲခြင်းပဲ၊ မပျက်ပါနဲ့လို့ပြောထားချင်ပေမဲ့ မရဘူး။
ငါ့အလိုကိုမလိုက်ဘူး စသည်ဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးတင်ပြီး
ကြည့်နေမယ်ဆိုရင် ဘာဝနာကံဆိုတာ ထမြောက်တာပါပဲ၊ ကုန်ကျငွေမရှိပဲနဲ့ ကံတရားတွေကို ဖြည့်ဆည်းပြီးဖြစ်နေပါပြီ။ ဒီလိုကံတွေကိုဖြည့်ဆည်းခဲ့မယ်ဆိုရင် ကျင်လည်ရာဘ၀တွေမှာ အောက်နောက်ကျ ဖြစ်မှာမဟုတ်ဘဲ
အထက်တန်းကျကျ မျက်နှာပန်းလှလှနဲ့ ဘ၀ကိုရင်ဆိုင်နိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

                                 လူတိုင်း ကံအကြောင်းလှအောင်ဖန်တီးနိုင်ကြပါစေ..........။

Wednesday 30 May 2012

သားတော်မောင်ထံသို့


စာပေပရိယတ် ကျမ်းဂန်တတ်မှ
မြင့်မြတ်ပေမည် ကြံတွေးရည်၍
ထိုဤမြို့သို့ သားတော်ပို့သည်
လွမ်းလို့ နေရပါသည်ဘုရား....။

ဖခမည်းနဲ့ သားကြီးမယ်တော်
နေ့စဉ်မျှော်၍ ပေါ်လာလိမ့်နိုး
လာလိမ့်နိုးဖြင့် လက်ချိုးရေတွက်နေရပါတယ်ဘုရား။

မြေးသားနုထွေး ငယ်နုသေးသည့်
ကလေးအများ ချောင်းကြိုကြားမှာ
ငါးရှာဖားရိုက် ကစားလိုက်နဲ့
ငယ်ခိုက်ချိန်လေး စာနဲ့ဝေးပြီး
တွေးရင်း ရင်လေးနေမိပါတယ်ဘုရား။

ရပ်သူရွာသား လူအများမှာ
တရားရေအေး တိုက်ကျွေးမည့်သူ
မရှိမူ၍ လူသည် လူ့အသိ
မရှိကြတော့ပါဘုရား။

သားတော်ငယ်ပေါင်း ရွာကကျောင်းမှာ
ကျောင်းသားကိုပင် မတွေ့မြင်ခဲ့
ကိုရင်ဘယ်မှာ ဖြစ်ထွန်းပါလိမ့်။
သာမဏေဝါဝင်း မရှိလျင်းသော်
ပဉ္ဇင်းဘယ်မှာ ဖြစ်ထွန်းပါလိမ့်
ပင်မှာ သက်သက် ခက်လက်မဖြာ
သာသနာလျှင် ရောင်ဝါမလင်းနိုင်တော့ပါဘုရား။

သာသနာ့ရင်းမြစ် တောကဖြစ်လျက်
တောပစ်မြို့ပေါ် သားတော်ပျော်က
တော် မတော်ပင် ကြံတွေးဆင်၍
လျင်လျင်မြန်မြန် တောရပ်ထံသို့
ပြန်ခဲ့ပါတော့ သားတော်မောင်ပဉ္ဇင်းဘုရား.....။