စာပေပရိယတ် ကျမ်းဂန်တတ်မှ
မြင့်မြတ်ပေမည်
ကြံတွေးရည်၍
ထိုဤမြို့သို့
သားတော်ပို့သည်
လွမ်းလို့
နေရပါသည်ဘုရား....။
ဖခမည်းနဲ့ သားကြီးမယ်တော်
နေ့စဉ်မျှော်၍
ပေါ်လာလိမ့်နိုး
လာလိမ့်နိုးဖြင့်
လက်ချိုးရေတွက်နေရပါတယ်ဘုရား။
မြေးသားနုထွေး
ငယ်နုသေးသည့်
ကလေးအများ ချောင်းကြိုကြားမှာ
ငါးရှာဖားရိုက်
ကစားလိုက်နဲ့
ငယ်ခိုက်ချိန်လေး
စာနဲ့ဝေးပြီး
တွေးရင်း
ရင်လေးနေမိပါတယ်ဘုရား။
ရပ်သူရွာသား လူအများမှာ
တရားရေအေး
တိုက်ကျွေးမည့်သူ
မရှိမူ၍ လူသည် လူ့အသိ
မရှိကြတော့ပါဘုရား။
သားတော်ငယ်ပေါင်း
ရွာကကျောင်းမှာ
ကျောင်းသားကိုပင် မတွေ့မြင်ခဲ့
ကိုရင်ဘယ်မှာ
ဖြစ်ထွန်းပါလိမ့်။
သာမဏေဝါဝင်း
မရှိလျင်းသော်
ပဉ္ဇင်းဘယ်မှာ
ဖြစ်ထွန်းပါလိမ့်
ပင်မှာ သက်သက် ခက်လက်မဖြာ
သာသနာလျှင်
ရောင်ဝါမလင်းနိုင်တော့ပါဘုရား။
သာသနာ့ရင်းမြစ်
တောကဖြစ်လျက်
တောပစ်မြို့ပေါ်
သားတော်ပျော်က
တော် မတော်ပင်
ကြံတွေးဆင်၍
လျင်လျင်မြန်မြန်
တောရပ်ထံသို့
ပြန်ခဲ့ပါတော့
သားတော်မောင်ပဉ္ဇင်းဘုရား.....။
No comments:
Post a Comment