'အဘိဓမ္မာတရားတော်ကို နတ်ပြည်မှာဟောတယ်ဆိုတာ ဟုတ်တယ်ဘုရား၊ ဘာလို့ဆိုတော့ တပည့် တော် တို့ အဘိဓမ္မာဌာနမှူး ဆရာတော်ကို ကြည့်ပါလားဘုရား၊ အပေါ်မော့ကြည့်ပြီး စာချနေတာ မဟုတ် လား လို့'ကိုချက်ကြီးက ပြောဖူးပါသည်၊ လွမ်းလိုက်တာချက်ကြီးရယ်၊ မှန်ပါသည်။ အဘိဓမ္မဌာမှူးဆရာတော်သည် စာသင်ခန်း မျက်နှာကျက် က ပန်ကာကိုကြည့်ပြီး စာချလေ့ရှိသည်။
တပည့်တွေအကြား ပြောစရာဖြစ်အောင်ပင် အဘိဓမ္မဌာနက ထူးခြားပါသည်။ ထိုဌာနကြီးသည်၊ မန္တလေးမြို့၊ နန်းရှေ့ရပ်ရှိ ပရိယတ္တိသာသနာ့တက္ကသိုလ်၏ မဟာဌာနကြီးသုံးခုတွင် နောက်ဆုံးဖြစ်၏။ စာချဆရာတော် များ စေ့စေ့ စပ်စပ် သေသေချာချာ ပို့ချပေးလေ့ရှိသည်။ ကျက်မှတ်လေ့လာရသည်လဲ များသည်၊
ဌာနမှူးဆရာတော်နှင့် တွေ့လျှင် မှတ်သားရသည်က များလှ၏၊ ဟိုဟာလေးလဲ သိစရာပင် မှတ်လိုက်၊ ဒီဟာလေးလဲ သိစရာမို့မှတ်လိုက်ဖြင့် ငေးချိန်၊ တွေးချိန် မရှိလှ၊ ရေးပြီးပြန်လျှင်လဲ တစ်ဦးချင်းစီပြန် ဆိုပြရသည်။ နေ့စဉ်၊ နံစဉ် အတိုင်းစဉ်ထားသော စာသင်သားများမှာ တစ်လှည့်စီ စာဆိုကြရ သည်။ နောက်နေ့မည့်သည့် အတန်းစာဆိုရမည်ကို သိသည်။ ကြိုတင်ပြီး လေ့လာလို့ရသည်။
ဌာနမှူးဆရာတော်မှာလဲ အမြဲတမ်းပြောလေ့ရှိသည်။
"အလှည့်ကျ ကိုယ် တော်လေး ဆိုလိုက်ပါဦးဘုရား"၊ ဆရာတော်၏ ဆိုပါ စကားစုလေးသည် တပည့်များ တွင် ရေပန်းစားလာသည်အထိ ဖြစ်လာသည်။ "အလှည့်ကျ ကိုယ်တော်လေး၊ အလှည့်ကျ ကိုယ်တော်လေး" ဟု အချင်းချင်း နောက်စရာဖြစ်လာသည်။
သို့သော်ဆရာတော်ရှေ့တွင်တော့ ထိုသို့မပြောရဲကြပါ။
အချိန်ကိုလဲ အတိအကျပို့ချသည်။ ရောက်လာလျှင်လဲ အတိအကျပင်ဖြစ်၏။ စာဝါသိမ်း ပြီးဆုံးချိန်သည်လဲ အချက်ပေး မောင်းသံနှင့် အညီ ဖြစ်၏။ ရေးလက်စ စာသားကိုပင် ကုန်အောင်မရေးပါ။
ဥပမာ ပြောရလျှင်-
ကျမ်းတက်တွင် ဖြစ်သည်။ အစမှ ကျမ်းတက်လာရာ ဤသို့မေးဖွယ်ရှိသောကြောင့် (ခ) ၀ါကျကိုမိန့်၊ အဓိပ္ပာယ်ကား နောက်နေ့မှဆက်ကြတာပေါ့ဘုရား၊ ဟုပြောပြီး ထားရစ်တတ်သည်။ မျှော်လင့်ချက်ဖြင့် လွမ်းအောင် ဖန်တတ်သည်။
မှတ်ချက်၊ ကိုချက်ကြီးသည် ကျုပ်မိတ်ဆွေဦးဝဏ်ဏိတကို ဆိုလိုသည်၊ ရယ်စရာကို လွမ်းအောင်ပြောတတ်သည်။
No comments:
Post a Comment