Friday, 30 December 2011

မေးကြည့်ပါ


၂၀၀၆/၀၇ ပညာသင်နှစ် မန္တလေးသာသနာ့တက္ကသိုလ်မှာ ပညာသင်စဉ်ကာလပေါ့။ စတုတ္ထနှစ်ရဟန်းတော်များဟာ မဟာစည်ကမ္မဋ္ဌာန်းနည်းအတိုင်း (၁၀)ရက်တရား စခန်းထိုင်ရ တယ်။
လေးရက်မြောက်နေ့မှာ မန္တလေး စိန်ပန်းမဟာစည် ဆရာတော်ကြီးက ရဟန်းတော်လေးများကို တရား စစ်ပါတယ်။

ဆရာတော်ကြီး - ဦးဇင်းလေး တရားမှတ်တဲ့အခါ ဣရိယာပုထ်လေးပါးနဲ့ ဘယ်လိုမှတ်သလဲ

ဦးဇင်းလေး     -တပည့်တော် လမ်းလျောက်တဲ့အခါ  ကြွတယ်၊လှမ်းတယ်၊ ချတယ် လို့မှတ်ပါ တယ်ဘုရား။ ရပ်တဲ့အခါ * ရပ်တယ်၊ ရပ်တယ်လို့မှတ်ပါတယ်ဘုရား။ အိပ်တဲ့အခါ * ၀မ်းဗိုက်ကလေးပေါ်လက်တင်ပြီး ဖောင်းတယ်၊ပိန်တယ်၊ ဖောင်းတယ်၊ပိန်တယ်ဆိုပြီးမှတ်ပါ တယ်ဘုရား။ ထိုင်တဲ့အခါမှာတော့ ၄၅-ငါးမိနစ်လောက် ဖောင်းတယ်ပိန်တယ်ဆိုပြီး မှတ်တယ်ဘုရား နောက်တော့ တပည့်တော် အတွေးတွေပျံ့လွင့်တယ်ဘုရား မှတ်လို့မရတော့ဘူးလို့လျှောက်ထားတော့။ အင်း ဦးဇင်းလေးဟာက တကာတစ်ယောက် တရားစစ်သလိုဖြစ်နေပြီဟု အစချီကာ ပြောပြလေသည်။

ရွှေဘိုက တကာတစ်ယောက်ပေါ့ ရေဦးတန့်ဆည်ဘက်ကို တရားသွားပြတော့ တရားစစ်ရာမှာ ထိုင်လို့မရကြောင်း အတွေးတွေပျံ့လွင့်နေတဲ့အကြောင်း ဘုန်းကြီးကိုလျှောက်တော့ ဘုန်းကြီးကလဲ သိချင်တာနဲ့ ဘယ်လိုတွေများ ပျံ့နေတာလဲ လျှောက်စမ်းပါအုံးဆိုတော့ တပည့်တော် ထိုင်မရ တာနဲ့ လျောက်စဉ်းစားနေတာဘုရား။

ဆရာတော်ကြီးက အေးဟုတ်ပြီကွ  ပြောစမ်းပါအုံးလို့ အားပေးတော့ တကာတော်က အားတက်ပြီး ပထမတော့ အိမ်ကိုစိတ်မချတာနဲ့ အိမ်ပြန်သွားပြီး မိန်းမနဲ့ သားသမီးတွေတွေကို မှာစရာ ရှိတာ ပြန်မှာတယ်။ နောက်တော့ မြစ်ကြီးနားသွားအုံးမယ်ဆိုပြီး သွားလိုက်တာ ဈေးထဲမှာစားချင်တာ ၀ယ်စားနဲ့ အဆင်ပြေနေတာဘုရား။ ကြာလာတော့ မြစ်ကြီးနားမှာလဲ ပျင်းလာလို့ ရန်ကုန်သွားဦးမယ်ဆိုပြီး ရထားဘူတာလာခဲ့တယ် ဘူတာရောက်မှပဲ ပြဿနာတက်တော့တယ်ဘုရား ရန်ကုန်ထွက် မည့်ရထား က တောင်ဘက်ထွက်မည့်ဟာလား၊ မြောက်ဘက်ထွက်မည့်ဟာလား မသိတာနဲ့ ရထားမစီးခဲ့ရဘူးဘုရား ဘာဖြစ်လို့ဆိုတော့ တပည့်တော် ရန်ကုန်မှမရောက်ဖူးတာ ဒါနဲ့ ဘူတာကလှည့်ပြန်မှပဲ အော်…. ငါတရား ထိုင်နေတာပါလားလို့ သိခဲ့ရတယ်ဘုရား ဟုလျှောက်ထားခဲ့တယ်။

      အခုဦးဇင်းလေးလဲ ဘူတာကလှည့်ပြန်တာလားလို့ ပြုံးပြုံးကြီးနဲ့ မိန့််တော်မူပါတယ်။ ဆရာတော်ကြီး အမိန့်ရှိသလိုပါပဲမိမိတို့ကရော ဘူတာကပဲလှည့်ပြန်မလား။ ဒါမှမဟုတ် တွေ့တဲ့ရထားနဲ့ပဲ လိုက်ကြမလား။ ရထားလက်မှတ်တွေကော အဆင်သင့် ဖြစ်ကြပြီလားဟု မိမိကိုယ်မိမိ မေးကြည့်ကြပါလေ...........

Thursday, 29 December 2011

လောကနဲ့ ရဟန်းဘဝ


    လောကကြီးတွင် ဘယ်အရာမှ လွယ်လွယ်နဲ့မရပေ။ အချိန်၊ငွေနှင့် ကာယအား ဥာဏအားတို့ စိုက်ထုတ်မှသာ အောင်မြင်မှုတစ်ခုဆီသို့ရောက်နိုင်သည်။ ထို့အတူ ဘ၀တစ်ခု တည်ဆောက်ရာ မှာလည်း ကံ၊ဥာဏ်၊၀ီရိယ သုံးပါးလုံး ရင်းနှီးမြုပ်နှံနိုင်မှသာလျှင် လိုချင်သောဘ၀တစ်ခုကို ပိုင်ဆိုင်နိုင် မည်ဖြစ်သည်။ လောကဓံတရား(၈)ပါးကို အဖော်မွန်များလုပ်ပြီး ယုံကြည်ချက်လမ်းကို လျှောက်လှမ်း နေရခြင်းဖြစ်သည်။ ဒီလိုလျှောက်လှမ်းကြတာခြင်းအတူတူ ရဟန်းတော်များသည်ကား လူပုဂ္ဂိုလ်များ ကဲ့သို့ သွားချင်တိုင်းသွားမရ၊ စားချင်တိုင်းစားမရနှင့် အပျော်အပါးကိုလျော့ကာ သတိနဲ့ထိမ်းချုပ် ပညာဥာဏ်အုပ်စိုးကာ ဘ၀ကိုထိန်းကြောင်းနေရသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက သူတည်ထောင်ခဲ့သော သာသနာတော်တွင် အဓိကမဏ္ဍိုင်ဖြစ်သော ရဟန်းတော်များဘ၀ ရဖို့ရန်ခဲယဉ်းကြောင်း " ပဗ္ဗဇ္ဇ ဘာဝေါ ဒုလ္လဘော "ဟု ဟောတော်မူထားခြင်းဖြစ်သည်။
    ရဟန်းတစ်ပါးဖြစ်လာဖို့ရန် ကိုရင်ပေါက်စဘ၀ကစ၍ မိဘ၊ဆရာသမားများက ကိုရင်ဘ၀ ပျော်ရွှင်စေရန် အလိုလိုက် အကြိုက်ဆောင်ကာ မွေးမြူပေးခဲ့ရသည်။ ကိုရင်ဘ၀ပျော်ရွှင်တော့လဲ ဒီအတိုင်းမနေရ စာသင်တိုက်ပို့ခဲ့သည်။ အစားဆင်းရဲ အနေဆင်းရဲနှင့် စာဝါများကုန်းအော်ကာ ကျက်ရမှတ်ရ၊ ဖြေခဲ့ရသည်။ အသက်(၁၇-၁၈) စိတ်ကစားတတ်တဲ့အရွယ်မှာ လူထွက်ချင် စိတ်များဖြစ်ပေါ်လာသည်မှာ ဓမ္မတာဖြစ်သည်။ "တစ်မိပေါက်တစ်ယေက်ထွန်း၊ တပည့်တော်တို့ အမျိုးထဲ သာသနာ့ဘောင်မှာ တစ်ပါးမှမရှိဘူး လူမထွက်ပါနဲ့"ဟူသော စကားဖြင့်ချည်တုပ်ခံရသည်။
တစ်ချို့ကထင်ကြမည် ရဟန်းဘ၀သည် လူတွေလောက်ပင်ပန်းမည်မဟုတ်။ သူများ   လှူတဲ့ဆွမ်းစားပြီး စာကျက်စာဖြေလောက်သာ လုပ်ရမည်။ ညိမ်းလှသည်ဟုထင်ကြပေမည်။ ဒီလိုထင် မြင်သောပုဂ္ဂိုလ်များသည် ဘုရားကျောင်းကန်နှင့် ဝေးနေသူများကသာ ထင်မြင်ယူဆပေလိမ့်မည်။
    အထက်မှာတင်ပြခဲ့သည်များကား ရဟန်းတစ်ပါးဖြစ်လာရန် မည်သို့မည်ပုံမွေးမြူခဲ့ရသည်ကို  ဆရာသမားများနှင့်မိဘများကသာ ပိုမို၍နားလည်ပေလိမ့်မည်။ ယခုခေတ်ကား ရုပ်ဝတ္ထုများထွန်းကား လာသည်ကတစ်ကြောင်း၊ ခေတ်ကာလအတန်းကျောင်းများ ပေါများလည်သည်ကတစ်ကြောင်း ကြောင့် တောရွာများရှိဘုန်းကြီးကျောင်းများတွင် ကိုရင်ပေါက်စလေးတစ်ပါးတွေ့ဖို့ရန် ခက်ခဲလာချေပြီ။ "သာသနာအရင်းအမြစ် တောကဖြစ်၏" ဟု ဆက်လက်၍ကြွေးကြော်နိုင်ပါဦးမည်လော။ ကိုရင်မရှိ လျှင် ရဟန်မဖြစ်နိုင်။ ရဟန်းမရှိလျှင် ဒို့ဗုဒ္ဓမြတ်စွာ၏သာသနာတော်ကို မည်သူတွေက ၀င်ထိန်း မည်နည်း။
ငယ်ရွယ်သောစာသင်သား ရဟန်းတော်များသည် ဗုဒ္ဓစာပေတွေကိုသင် အမြင်ကျယ်၍ နားလည်လာသည့် အခါမှာတော့ သံသရာဆင်းရဲကြောင်းနားလည်ကာ မိမိရောက်ရှိနေသောဘ၀ကို နှစ်သက်ပြီး မြတ်ဗုဒ္ဓ၏သာသနာကို ၀င်ရောက်ထမ်းရွက်ရင်း မိမိသန္တာန်၌ ဖြစ်ပေါ်လာသော အကုသိုလ် တရားများကို တဖြည်းဖြည်းနည်းပါးအောင် ဆောင်ရွက်ရင်း သာသနာပြုနေကြလေသည်။
       
    အနုပုဗ္ဗေန မေဓာဝီ၊ ထောကံ ထောကံ ခဏေ ခဏေ။
    ကမ္မာရော ရဇတေဿဝ၊ နိဒ္ဓမေ မလမတ္တနော။

 ပန်းတိမ်ဆရာသည် ရွှေ၏အညစ်အကြေးကို တဖြည်းဖြည်းထုတ်သကဲ့သို့
ပညာရှိသည် အစဉ်သဖြင့် မိမိ၏ အညစ်အကြေးကို အနည်းငယ်အနည်းငယ်
 အခွင့်ရတိုင်း ရာဂစသော အညစ်အကြေးကို ထုတ်ပယ်ရာ၏။

 Let the wise one blow away passions and impurities of the self, little by little by chance,
again and again, moment to moment, like a goldsmith removes impurities from gold.

Tuesday, 27 December 2011

ကိုးကွယ်သင့်သော ဘာသာ၌ရှိရမည့်အချက်များ



       ကမ္ဘာပေါ်၌နေထိုင်ကြသော လူသားတို့သည် ကိုယ်ယုံကြည်ရာ  နှစ်သက်ရာကို ကိုးကွယ်နေကြ၏။ ထိုကိုးကွယ်သောဘာသာကို့ကို အကြမ်းဖျင်းအားဖြင့် လေးမျှိုးခွဲခြားထားသည်။ ထိုလေးမျိုးမှာ 
၁။ ဗုဒ္ဓဘာသာ။၂။ ခရစ်ယာန်ဘာသာ၊ 
၃။ မူဆလင်ဘာသာ၊၄။ ဟိန္ဒူဘာသာတို့ဖြစ်ကြသည်။ 
ထို့အပြင် နတ်ကိုယုံကြည်သူ၊ ဂျိမ်းကိုးကွယ်သူစသည်ဖြင့် ဘာသာပေါင်းများစွာကို နှစ်သက်ရာ ကိုးကွယ်နေသည်လညှ်းရှိလေသည်။
        ဒီနေရာမှာ ကိုးကွယ်နေသောဘာသာနှင့်စပ်လျင်း၍ မိမိတို့ကိုးကွယ်နေသောဘာသာ၌ ရှိသင့်ရှိထိုက်သည့် အင်္ဂါရပ်များရှိလေသည်။ ထိုအင်္ဂါများမှာ  
၁။ အပြစ်ကင်းရမည်။ 
၂။ ကောင်းကျိုးရှိရမည်။
၃။ ပညာရှိတို့ကဲ့ရဲ့မှုမှလွတ်ကင်းရမည်။ 
၎။ အခြားဘာသာကို ဖျက်ဆီးခြင်းရှုံ့ချခြင်း ကင်းရမည်။ 
၅။ အခြားဘာသာများတရားသဖြင့်တိုးတက်အောင်ပြုလုပ်ခြင်းခွင့်ပြုရမည်။
၆။ မကောင်းမှုကိုမပြုလုပ်မိအောင် စောင့်စည်းပေးနိုင်ရမည်။ 
၇။ စိတ်ကိုကိလေသာမှ စင်ကြယ်အောင်ညွှန်ပြနိုင်စွမ်းရှိရမည်ဆိုတဲ့ အချက်များဖြစ်ပါတယ်။ ဒီအချက်(၇)ချက်ဟာ မိမိတို့ကိုးကွယ်ဆည်းကပ်နေတဲ့ ဘာသာတိုင်း၌ ရှိသင့်ရှိထိုက်တဲ့အချက်များ ဖြစ်တယ်ဆိုတာ အင်္ဂုတ္ထိုပါဠိ ကေသမုတ္တိသုတ်အဖွင့်နှင့် အသောကမင်းကြီးကျောက်စာမှာ ပြဆိုထားပါတယ်။ ဒီနေရာမှာ အခြားဘာသားများးကို မပြောလိုပါ ဗုဒ္ဓဘာသာဝင်များအတွက် မိမိတို့ကိုးကွယ်သော ဗုဒ္ဓဘာသာ၌ ဒီအချက်တွေနဲ့ပြည့်စုံပါလားဆိုတာလေး သိစေချင်လို့ သုံးသပ်ပြလိုက်ပါတယ်။
ိ၁။ အပြစ်ကင်းရမယ်= ဗုဒ္ဓဘာသာဝင်များဟာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုတွေ နေစဉ်နှင့်အမျှပြုလုပ်ကြတယ်။ ရဟန်းတော်တွေ ကိုလှုတယ်၊ လူတွေကိုစွန့်ကြဲဒါနချတယ်၊ လောက၀တ်နှင့်ကြည့်ရင် လူမှုရေးနှင့်ပြည့်စုံတဲ့အတွက် အပြည့်မရှိပါဘူး ဒါနမြောက်ပါတယ်။
၂။ ကောင်းကျိုးရှိရမယ်= ကုသိုလ်ပြုလုပ်တဲ့နေရာမှာ ကုသလံ အန၀ဇ္ဖ သုခ၀ိပါက လက္ခဏာ= အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်းဆိုတဲ့အကျိုးများ ရရှိခြင်းကြောင့် ပစ္စုပ္ပန် သံသရာနှစ်ဖြာကောင်းကျိုးကို ရရှိစေပါတယ်။
၃။ ပညာရှိတို့ကဲ့ရဲ့မှုမှ လွတ်ကင်းရမယ်= ကမ္ဘာ့ဘာသာကြီးများထိပ်သီး အစည်းအဝေးနှီးနှောဖလှယ်ပွဲမှာ ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်းပြီး နုညံ့သိမ် မွေ့သောဘာသာအျြဖစ် ထိပ်ပိုင်းခေါင်းဆောင်ပညာရှိကြီးတွေက တစ်ညီတစ်ညွတ်တည်း   အကောင်းဆုံးဘာသာအဖြစ်ရွေးချယ်ခဲ့ကြတယ်။
၎။အခြားဘာသာကို ဖျက်ဆီးခြင်း၊ရှုံ့ချခြင်းကင်းရမယ်= မြတ်ဗုဒ္ဓဟာ ငါ့အယူဝါဒကကောင်းတယ် သူများအယူဝါဒ မကောင်းဘူးဆိုပြီး အခြား ဘာသာတို့ကို မရှုံ့ချခဲ့ပါဘူး။ ငါဟောတဲ့တရားတွေကို မြတ်ဗုဒ္ဓဟောလို့။ တဆင့်ကြားရုံမျှဖြင့် ဟုတ်ပြီ၊ မှန်ပြီဟု အမှန်မယူကြနှင့်။
။ ဘိုးဘေးစဉ်ဆက် ဆင်းသက် လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း အမှန်မယူကြနှင့်။
။ ဤအရာသည် ဤသို့ဖြစ်သတဲ့ဟူသော ကောလဟလဖြင့်လည်း အမှန်မယူကြနှင့်။
။ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်။
။ မိမိကြံစည်ထားသောအကြံဖြစ်၍ ဟုတ်လှပြီဟူ၍လည်း အမှန်မယူကြနှင့်။
။ သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကြ၍လည်း အမှန်မယူကြနှင့်။
။ အထောက်အထားရှိသည်ဆို၍လည်း အမှန်မယူကြနှင့်။။ အယူဝါဒခြင်း တူရုံမျှနှင့်လည်း အမှန်မယူကြနှင့်။
။ မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း အမှန်မယူကြနှင့်။
။ ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်။ ဧဟိပသိကော= ဧဟိ-လာလှည့်၊ ပသိကော= ကိုယ်တိုင်ကျင့်ကြံအား ထုပ်ပြီးမှ မှန်ရင်မှန်တယ်၊ မှားရင်မှားတယ် ကိုယ်ပိုင်ဥာဏ်ဖြင့်ဆုံးဖြတ်လေလို့ မြတ်ဗုဒ္ဓက အယူဝါဒနှင့်ပတ်သက်ပြီး ဖွင့်ဟပေးထား ပါတယ်။
၅။ အခြားဘာသာများတရားသဖြင့် တိုးတက်ကြီးပွားအောင်ပြုလုပ်ခြင်းကို ခွင့်ပြုရမယ်= ကောသလမင်းကြီး မြတ်ဗုဒ္ဓထံ တရားနာနေစဉ် အ၀တ်မ၀တ်ဘဲ တုံးလုံးလျောက်သွားနေတဲ့သူကို -- အလိုနည်းလိုက်တာ၊ ကြည်ညိုစရာပဲဆိုပြီး လိုက်ကန်တော့ကို မြတ်ဗုဒ္ဓက တရားရပ်ထား ပြီးခွင့်ပြုခဲ့တယ်၊ အခြားဘာသာတွေကိုလဲ လွတ်လပ်စွာဟောပြောခွင့်ပေးထားတယ်။
၆။ မကောင်းမှုကို မပြုမိအောင် စောင့်စည်းပေးနိုင်ရမယ်= မြတ်ဗုဒ္ဓကလူတွေအတွက် ငါးပါးသီလ၊ ရဟန်းတော်တွေအတွက် ၂၂၇-သွယ်သော သိက္ခာပုဒ်တွေကို စောင့်ထိမ်းခိုင်းတာဟာ မကောင်းမှုတွေမလုပ်ရအောင် စည်းကမ်းထုပ်ပေးခဲ့တာဖြစ်ပါတယ်။
၇။ စိတ်ကိုကိလေသာမှစင်ကြယ်အောင် ညွှန်ပြနိုင်စွမ်းရှိရမယ်=
ရေငတ်နေသူတစ်ယောက်ဟာ မှော်တွေဖုံးနေတဲ့ရေကန်ကြီးကိုတွေ့လျှင် မှော်တွေကိုလက်နဲ့ဖယ်ပြီး ကြည်လင်သောရေကိုသောက်ရသကဲ့သို့၊ နောက်ကျူ့နေတဲ့ရေထဲတွင် ကျောက်ချဉ်ထည့်သောအခါ ကြည်လင် သကဲ့သို့ ကိလေသာအညစ်အကြေးဖုံးလွှမ်းနေတဲ့ ပုထုဇဉ်တစ်ဦးကို ၀ိပသနာတရားအားထုတ်ရင် စိတ်ကြည်လင်ပြီး နိဗ္ဗာန်ချမ်းသာ အထိခံစားနိုင်ကြောင်း မဟာသတိပဋ္ဌာန သုတ်တော်မှာ ဟောကြားထားခဲ့ပါတယ်။
ဒါ့ကြောင့် ဗုဒ္ဓဘာသာဟာ အထက်ပါ(၇)ချက်နှင့်ပြည့်စုံသောကြောင့် ကိုးကွယ်သင့်သောဘာသာ ဟုတ်/မဟုတ် မိမိတို့၏ ကိုယ်ပိုင်ဥာဏ်ဖြင့် ဆုံးဖြတ်နိုင်ကြပါစေ၊ အခြားဘာသာများကိုလည်း စိစစ်ကြည့်ပါဟု တိုက်တွန်းလိုက်ပါရစေ။
                                         အားလုံးကျန်းမာကြပါစေ.............။

Monday, 26 December 2011

သူတို့ဆီမှာ ဒီလိုပါ

         မိမိတို့မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဗုဒ္ဓအမွေနှစ် ယဉ်ကျေးမှုများထွန်းကားရာ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးများ၊
ကျောင်းသူ/သားများ ဘုန်းတော်ကြီးကျောင်းသို့လာရောက်ကာ ယဉ်ကျေးမှုများသင်ယူကြသည်။
တစ်ချို့ကလေးများကား ဘုန်းကြီးကျောင်းသို့ပင်မလာ။ စာမေးပွဲဖြေပြီးတာနှင့် ကျူရင်တက်ဖို့ မိဘတွေက
ဆော်သြနေကြသည်။ ဒီလိုကလေးတွေရဲ့သန္တာန်မှာ ယဉ်ကျေးမှုဆိုတာဘာလဲဟု သိနိုင်ကြပါမည်လား။
ဒါ့အပြင် နွေရာသီ အခိုက်အတန့််လေးသင်ယူနေတာနဲ့ ကလေးများ၏သန္တာန်ဝယ် အမှန်တကယ် ယဉ်ကျေးမှုများ ကိန်းအောင်နေကြပြီလား။ မိမိအမြင်မှာတော့ လုံလောက်မှုမရှိသေးဟု စဉ်းစားမိသည်။
          ယခုသီရိလင်္ကာနိုင်ငံမှာတော့ ကလေးများ၏ ရင်တွင်းဝယ် ဗုဒ္ဓယဉ်ကျေးမှုများ ပျံ့နှံ့နေသည်ကိုတွေ့ရသည်။
တစ်ရက်မှာ သူငယ်ချင်းဖြစ်သူ အရှင်ဝေပုလ္လ(အငယ်)က သီရိလင်္ကာ ကုလားကျောင်းမှာ ဆွမ်းစားပင့်လို့
မြန်မာကျောင်းကနေ သူငယ်ချင်းငါးပါး ဆွမ်းစားအတူကြွသွားကြသည်။ ကုလားကျောင်းလဲရောက်ရော ကလေးတွေ အရွယ်စုံ(သူငယ်တန်းမှ ဆယ်တန်းအဆင့်ထိ) အ၀တ်ဖြူတွေဝတ်ပြီး စာသင်နေတာကိုတွေ့ရသည်။
ကလေးတွေ များမှများ ဟိုနားတစ်စု၊ ဒီနားတစ်စုနဲ့၊ ဆရာ/မတွေကလဲ အ၀တ်ဖြူတွေ ၀တ်ထားပြီး ကလေးတွေကို စာသင်ပေးနေကြသည်။ဒါနဲ့ မောင်ဝေပုံကိုမေးကြည့်တော့ ဒီနေ့တနင်္ဂနွေနေ့လေ ကျောင်းပိတ်တဲ့ရက်မှာ
sunday school ရှိတယ်။ ဘာသာရေးသင်တန်းပေါ့။ သူ့အဆင့်နဲ့သူ တက်ကြရတယ်။ သူတို့က ဒီသင်တန်းတက်ရတာ သိပ်ကိုဂုဏ်ယူတာ။သင်တန်းပြီးရင်တော့ အောင်လက်မှတ်ပေးတယ်လေ။  ယောက်ျားလေးတွေဆိုရင် အနည်းဆုံး ကိုရင်ငါးကြိမ်ပြည့်အောင် ၀တ်ကြတယ်။ သင်တန်းကလဲ ဗုဒ္ဓ၀င်အကျဉ်းကစပြီး သိသင့်သိထိုက်တာအားလုံးကို
သင်ပေးတာလေ" ဟူသော သူသိထားတာတွေကို ပြန်လည်ဖောက်သည်ချပေးသည်။ အော် Sunday schoolဆိုတာ ဒါမျိုးသင်ပေးတာကိုးဟု သိခဲ့ရသည်။
           မိမိသီရိလင်္ကာကို မရောက်ခင်က အမြင်လေးတွေနဲ့တော့ တစ်ခြားစီဖြစ်နေသည်။ သီရိလင်္ကာကုလားတွေက
ဘာသာရေးသိပ်ရှိ မှာမဟုတ်ဘူး။ ဘာသာရေးမရှိရင် ယဉ်ကျေးမှုကလဲနည်းမှာပဲလို့ တွေးထင်ထားခဲ့တာပါ။
အခုတော့ဒီလိုမဟုတ် ဟိုတစ်နေ့က svs သင်တန်းတက်ဖို့ သူငယ်ချင်း၆-ပါး အပ်ပြီးအပြန် ကားလမ်းကူးဖို့ရပ်နေရာမှာ ဘယ်၊ညာနှစ်ဖက်လုံးကကားတွေ အားလုံးရပ်ပေးကြတော့ အော် ရန်ကုန်ကားလမ်းဖြတ်ကူးခဲ့ရပုံလေးကို ပြန်မြင်ယောင်မိသည်။ ဒီမြင်ကွင်းကတော့ Sunday schoolရဲ့ အသီးအပွင့်လေးတွေပါလား မိမိတို့မြန်မာနိုင်ငံမှာလဲ ဒီလိုကျောင်းမျိုးရှိသင့်ပြီလို့  စဉ်းစားရင်း ကျောင်းသို့ပြန်လာခဲတော့သည်။

Saturday, 17 December 2011

သနားလိုက်တာ ဥစ္စာစောင့်မလေးရယ်


တခါက  မြို့နဲ့မနီးမဝေးလေးတစ်ရွာမှာ အကြွေးအလွန်ယူတဲ့မောင်မောင်ဆိုတဲ့ ကောင်းလေးတစ်ယောက်ရှိတယ်။
သူ့အိမ်ရဲ့ရှေ့ကဈေးဆိုင်မှာလဲ အကြွေး။
ရွာနောက်ဖျားက ကုန်ဆုံဆိုင်မှာလဲ အကြွေး။
အိမ်နီးချင်းတွေဆီယူသုံးထားတဲ့ အကြွေးကလဲ မရေတွက်နိုင်တော့ဘူး။
ဒီတော့ သူ့ကို ရွာသူ-ရွာသားတွေက သူ့နာမည်ကိုမခေါ်တော့ဘူး။
ကိုအကြွေးလို့ပဲခေါ်တော့တယ်။
တစ်ခါမှာတော့ရွာမှာ ဘုရားပွဲရှိလို့ဆိုပြီး မြို့တက်
ဈေးသွားဝယ်တော့တာပေါ့။
ကိုအကြွေးဈေးသွားဝယ်တော့လဲ ငွေအရင်းနှီးကနဲနေတော့
ဈေးသည်ပိုင်ရှင်ဆီမှာ သူက ညောင်ပင်သာရွာကဖြစ်တဲ့အကြောင်း၊သူ့နာမည်မှာမောင်မောင်ဖြစ်တဲ့ အကြောင်း။ ရွာမှာဘုရားပွဲရှိလို့ ဈေးလာဝယ်တဲ့အကြောင်း၊ အခုငွေအများကြီးမပါလို့ အကြွေးပေးဖို့ရန် အဘော်အာရင်းသန်သန်နဲ့ပြောတော့တာပေါ့။
ဒီတော့ ဆိုင်ပိုင်ရှင်ကလဲ ယုံကြည်ပြီးပေးလိုက်တော့တယ်။
နောက်တော့ အကြွေးဆပ်ချိန်ရောက်လဲ အကြွေးလာမဆပ်တော့ ဈေးသည်ပိုင်ရှင်ကိုယ်တိုင်လာတောင်းရတော့တယ်။
ကိုမောင်မောင်တို့ အိမ် ဘယ်နားကသွားရတာလဲ လမ်းညွှန်ပေးပါလို့ ရွာသားတစ်ယောက်ကိုပြောတော့
ဘယ်..ကိုမောင်လဲ၊ ကိုအကြွေးကိုပြောတားလား?ဆိုတော့
ဈေးသည်မျက်လုံးနဲနဲပြူးသွားတယ်။ ကိုမောင်မောင်နာမည်က ကိုအကြွေးတဲ့လား။
ဟုတ်တယ်ဗျ…… ကျုပ်တို့ရွာမှာ ကိုအကြွေးလို့ခေါ်တယ်။
ဘာဖြစ်လို့ ကိုအကြွေးလို့ခေါ်တာလဲဗျ ဆိုတော့
မပြောင်ချင်ပါဘူးဗျာ… ဟိုမှာလဲအကြွေး၊ ဒီမှာလဲအကြွေးနဲ့၊
 ကြာတော့ ရွာမှာ ကိုမောင်နာမည်ပြောက်ပြီး
ကိုအကြွေးလို့ တွင်တော့တယ်တာပဲဗျာ လို့ပြောလိုက်တော့
ဘယ်လောက်အထိများအကြွေးယူလို့လဲဗျာ
ဈေးသည်က ဆက်မေးလိုက်တော့….
မပြောချင်ပါဘူးဗျာ … သူ့ကိုစောင့်ရှောက်နေတဲ့ ဥစ္စာစောင့်မလေးတောင် ပြည့်တန်ဆာဖြစ်နေပြီဗျ……လို့ပြောလိုက်ပါတော့သည်။
လူတိုင်းပြုံးနိုင်ကြပါစေ။………….

Thursday, 15 December 2011

ကြိုလင့်နေပါ



     မေ့ချစ်သား သားဇာနည်
ရည်မှန်းချက်တွေ ကိုယ်စီရှိလို့
သားတော်မောင် ထွက်ခွါသွားပေမဲ့
ရင်မအေးရဘူးလေ...။

      ဒါပေမဲ့ မသွားလို့မပြီး
အရှည်ကြီးလျှောက်ရမယ့် ဒီခရီးမှာ
သွားသတိ၊စားသတိနဲ့
အရာရာကိုသတိနဲ့နေပါ သားတော်...။

        ဒီမိခင် မာတာကတော့
အနေဝေးပေမဲ့ အဝေးမနေပါဘူး
အေးမြတဲ့မိဘမေတ္တာ
လွှမ်းခြုံထားဆဲပါ သားတော်တဲ့...။

      မိခင်ထံမှ မှာကြားလိုက်တဲ ဒီစကား
နားထဲကမထွက်ပါဘူး
ပညာစုံလို့ သားတော်မောင်ပြန်လာရင်
အပြုံးပန်းတွေနဲ့ ကြိုလင့်နေပါတော့အမေ........။

Wednesday, 14 December 2011

သံသရာအဆုံးထိ




     ရိုးသားစွာ ကြိုးစားနေတဲ့သူကို
ဆင်းရဲလိုဆိုပြီး နှိမ့်ချ။
မာနတွေတက်နေတာ ကောင်းရဲ့လား။
မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ ကရုဏာ(သနားခြင်း)တရား။
ဘယ်မှာများ အသုံးချနေသလဲ....။

     ဂုဏ်ရည်တူ ဒို့နှစ်ယောက်
သူသာတယ်၊ငါသာတယ်ဆိုပြီး ပြိုင်ဆိုင်၊
ငြူစူခြင်းဣဿာတွေဝင်နေတာ ကောင်းရဲ့လား၊
မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ မေတ္တာ(ချစ်ခင်ခြင်း)တရား၊
ဘယ်မှာများ အသုံးချနေသလဲ.....။

      ကိုယ့်ထက်သာတာ ၀မ်းသာမှာပေါ့။
အခုတော့ ဒီလိုမဟုတ်....။
ငုတ်တုတ်ထိုင်ပြီး အတင်းတုတ်နေတာ ကောင်းရဲ့လား။
မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ မုဒိတာ(၀မ်းမြောက်ခြင်း)တရား
ဘယ်မှာများ အသုံးချနေသလဲ.....

     ပစ္စုပ္ပုန်၊သံသရာလှပစေဖို
ရုပ်လှဖို့ထက် စိတ်လှဖို့က အရေးကြီးကြောင်း
ရှင်တော်ဗုဒ္ဓမိန့်ကြားခဲ့တာ အားလုံးသတိရမှာပေါ့။
ဒါ့ကြောင့်..... ရုပ်ကိုလည်းအလှဆင်
စိတ်ကိုလည်း အလှပြင်ပြီး
သံသရာအဆုံးထိ ခရီးဆက်ကြပါစို့......။