Thursday, 31 May 2012

ဘ၀လှအောင် ကံကိုဆောင်

              ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ= သတ္တ၀ါတို့ကို ကံကသာခွဲခြားဝေဖန်ပေးတယ်၊
သတ္တ၀ါဆိုတော့ သက်ရှိအရာတွေ အကုန်ပါဝင်သွားတယ်။ ဒီသက်ရှိတွေကို ဘယ်သူတွေက
အကောင်းအဆိုးတွေကို ဖန်တီးနေသလဲဆိုရင် ကံကသာဖန်တီးပေးနေတာပါ။
ဒါ့ကြောင့် ကံကောင်းအောင် ဘယ်လိုတွေလုပ်ဆောင်ကြမှာလဲ။ ဒီကံကိုရော ဘယ်သူကဖန်တီးသလဲ၊
ကံအကြောင်းလေး စဉ်းစားနေမိတာနဲ့ ဒီမေးခွန်းနှစ်ခုကို ပြန်မေးဖြစ်လိုက်ပါတယ်။ ကံအကြောင်းလေးစဉ်းစားမိတာလဲဆန်းဆန်းလေးပဲ၊ မနက်ကသင်တန်းတက်ဖို့
ထိုင်ခုံပေါ်ထိုင်လိုက်ကာရှိသေး တစ်ဝိုင်းတည်းအတူကျသူ ဦးတိလောက
ပြောလိုက်တာက ဒို့ငှားနေတဲ့အဆောင်ဘေးနားကအိမ်မှာ ခွေးကြီးသေလို့တဲ့
 စောင်နဲ့ပတ်ပြီး သေချာကိုပြင်ဆင်ထားတာ အိမ်ကလူတွေကလဲ ငိုနေလိုက်ကျတာ
တစ်အိမ်လုံးပဲတဲ့၊ ဒါနဲ့နောက်လိုက်တယ် ဘုန်းကြီးတွေကိုပင့်သေးလားလို့
မေးလိုက်တော့ ပင့်တော့မပင့်ဘူး ဒါပေမဲ့ ခွေးကြီးကောင်းရာရောက်ပါစေဆိုပြီး
 မေတ္တာပို့ပေးလိုက်တယ်တဲ့။

               ဒီစကားလေးကြားမှ အော် သတ္တ၀ါတစ်ခုကံတစ်ခုပါလား၊ ခွေးဖြစ်တာခြင်း
အတူတူ ပိုက်ဆံရှိတဲ့အိမ်မှာခွေးသွားဖြစ်တယ်။ အဲဒီခွေးကို သက်ရှိထင်ရှားရှိနေချိန်မှာ တစ်အိမ်လုံးက၀ိုင်းချစ်ကြတယ်။ ကောင်းကောင်းမွန်မွန်ကျွေးမွေးထားတယ်။
 သေသွားတော့ ကောင်းကောင်းမွန်မွန် မြုပ်နှံပေးကြတယ် ပြီးတော့ဝမ်းနည်းနေတယ်။ မြင်ရတဲ့
သူက မေတ္တာဝိုင်းပို့ကြတယ်။ လမ်းဘေးကခွေးလေးတစ်ကောင်အတွက်တော့ ဒီမြင်ကွင်းတွေဟာ အားကျစရာပါပဲ။အားကျမယ်ဆိုလဲ ကျချင်စရာမြင်ကွင်းတွေမဟုတ်လား ဟိုနားကပ်စား၊
ဒီနားရှားစားနဲ့ ရုန်းကန်နေရတဲ့ သူ့ဘ၀ထက်စာရင် ဒီသေသွားတဲ့ခွေးဟာ အများကြီးကံကောင်းနေ
တယ်လေ။

                ဒီလိုပါပဲ လူ့ဘ၀ကြီးကိုလဲ စဉ်းစားကြည့်ရအောင်။ တစ်ချို့ကမွေးလာကတည်းက ချမ်းသာတဲ့အသိုင်းအ၀ိုင်းမှာမွေးလာတယ်၊ တစ်ချို့က အလယ်အလတ်တန်းထဲမှာမွေးတယ်။
တစ်ချို့က ဆင်းရဲတဲ့မိသားစုမှာပေါက်ဖွားလာတယ်။ ချမ်းသာတဲ့အသိုင်းအ၀ိုင်းမှာမွေးလာသူက စီးပွားရှာရာမှာ လှုပ်ခါလက်ခါနဲ့ ငွေကြေးချမ်းသာနေတယ်။အလယ်အလတ်အသိုင်းအ၀ိုင်းမှာ
 မွေးလာသူက ခွန်အားနည်းနည်းစိုက်ပြီး စီးပွားရှာနိုင်တယ်။ ဆင်းရဲတဲ့မိသားစုမှာ
ပေါက်ဖွားလာသူကတော့ နပ်မှန်ဖို့အရေး တစ်နေကုန်ရုန်းကန်လှုပ်ရှားနေရတယ်။
လူဖြစ်တာချင်းအတူတူ ဘာဖြစ်လို့ဒီလိုတွေကွာခြားနေရတာလဲ။
အဖြေကရှင်းရှင်းလေးပါ ကံခြင်းမတူလို့ပါပဲ။ လုပ်ဆောင်ချက်ခြင်းမတူခဲ့လို့ပါပဲ။
တကယ်တော့ ကံဆိုတာ ကမ္မဆိုတဲ့ပါဠိစကားကနေဆင်းသက်လာတဲ့ ပါဌ်ပျက်တစ်ခုပဲမဟုတ်လား။
ကမ္မရဲ့အနက်အဓိပ္ပါယ်က အမှုလုပ်ငန်း၊ လုပ်ဆောင်မှုပါ။

                ဒါ့ကြောင့် တစ်ချို့က အလုပ်တစ်ခုလုပ်ရာမှာ စေတနာပါပါနဲ့လုပ်ကြတယ်။ ပရဟိတပဲလုပ်လုပ်ဘာသာရေးပဲလုပ်လုပ် စေတနာစိုက်ထုပ်ပြီးလုပ်ကြတယ်။
တစ်ချို့က၀တ်ကျေတမ်းကျေလုပ်ကြတယ်။ တစ်ချို့ကလုပ်ကိုမလုပ်ကြတာပါ။
 ဒီလိုမျိုးလုပ်ဆောင်ချက်တွေ ကွာခြားတော့ အကျိုးပေးကလဲ ကွာခြားသွားတာပါ။
အကျိုးပေးကွာခြားတော့ အဆင့်အတန်းချင်းလဲ ကွာခြားသွားတာပါ။
 စေတနာကွာလို့ကံအကျိုးပေးကွာတယ်၊ကံအကျိုပေးကွာလို့ အဆင့်အတန်းကွာတယ်။
 ဒီအဖြေဟာ ရှင်းရှင်းလေးပါပဲ။ ဒီကံတရားတွေကို ဘယ်သူက
ဖန်တီးသလဲ မိမိကိုယ်တိုင်ပဲဖန်တီးခဲ့တာပဲမဟုတ်လား။

            ဒါ့ကြောင့် ဘ၀သံသရာမှာ အဆုံးမသတ်နိုင်သမျှ ချမ်းချမ်းသာသာ ကောင်းကောင်းမွန်မွန်
 နေနိုင်အောင်ကံတရားကောင်းအောင်လုပ်ထားဖို့လိုပါတယ်။ ဘယ်လိုကံကောင်းအောင်
လုပ်ကြမှာလဲ ဗုဒ္ဓဘာသာနည်းလမ်းအရတော့ ဒါနကံ၊ သီလကံ၊ ဘာဝနာကံတွေဟာ
အင်မတန်လုပ်ရလွယ်တဲ့ ကံအကြောင်းတွေပါ။ ပိုက်ဆံရှိမှဒါနကံပြုလို့ရတာ
မဟုတ်ဘူး၊ မိမိတို့စားနေတဲ့အထဲကနေ လမ်းဘေးခွေးလေးတစ်ကောင်လောက်ကို
 စေတနာပါပါနဲ့ကျွေးမွေးမယ်ဆိုရင်လဲ ဒါနကံမြောက်ပါတယ်။ အများကြီးလှူမှ
ဒါနမြောက်တာမဟုတ်ပါဘူး စေတနာသာအဓိကပါ။ သီလကံလဲအတူပါပဲ
 မိမိတို့သတ်နိုင်သလောက် သီလတွေကိုထိမ်းသိမ်းစောင့်ရှောက်နေမယ်ဆိုရင်
သီလကံဟာပြီးမြောက်တာပါ။

            ဒီနေ့တော့ အလုပ်ရှုပ်နေလို့ ဘယ်သီလတော့ စောင့်ထိမ်းဖြစ်အောင်
စောင့်ထိမ်းနေမယ်လို့ စိတ်ကူးဖြတ်ထားပြီး အဲဒီသီလကို မကျိုးအောင်စောင့်ထိမ်းခဲ့မယ်ဆိုရင်
သီလကံလုံခြုံသွားတာပါပဲ။ ဘာဝနာကံဟာ သွားရင်းလာရင်း၊ စားရင်းသောက်ရင်းတောင် ပွားများအားထုတ်လို့ရပါတယ်။ ဘယ်အရာမှမမြဲဘူး၊ ဒီဟာတွေကို ထိမ်းသိမ်းစောင့်ရှောက်
 နေရတာကိုက ဆင်းရဲခြင်းပဲ၊ မပျက်ပါနဲ့လို့ပြောထားချင်ပေမဲ့ မရဘူး။
ငါ့အလိုကိုမလိုက်ဘူး စသည်ဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးတင်ပြီး
ကြည့်နေမယ်ဆိုရင် ဘာဝနာကံဆိုတာ ထမြောက်တာပါပဲ၊ ကုန်ကျငွေမရှိပဲနဲ့ ကံတရားတွေကို ဖြည့်ဆည်းပြီးဖြစ်နေပါပြီ။ ဒီလိုကံတွေကိုဖြည့်ဆည်းခဲ့မယ်ဆိုရင် ကျင်လည်ရာဘ၀တွေမှာ အောက်နောက်ကျ ဖြစ်မှာမဟုတ်ဘဲ
အထက်တန်းကျကျ မျက်နှာပန်းလှလှနဲ့ ဘ၀ကိုရင်ဆိုင်နိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

                                 လူတိုင်း ကံအကြောင်းလှအောင်ဖန်တီးနိုင်ကြပါစေ..........။

Wednesday, 30 May 2012

သားတော်မောင်ထံသို့


စာပေပရိယတ် ကျမ်းဂန်တတ်မှ
မြင့်မြတ်ပေမည် ကြံတွေးရည်၍
ထိုဤမြို့သို့ သားတော်ပို့သည်
လွမ်းလို့ နေရပါသည်ဘုရား....။

ဖခမည်းနဲ့ သားကြီးမယ်တော်
နေ့စဉ်မျှော်၍ ပေါ်လာလိမ့်နိုး
လာလိမ့်နိုးဖြင့် လက်ချိုးရေတွက်နေရပါတယ်ဘုရား။

မြေးသားနုထွေး ငယ်နုသေးသည့်
ကလေးအများ ချောင်းကြိုကြားမှာ
ငါးရှာဖားရိုက် ကစားလိုက်နဲ့
ငယ်ခိုက်ချိန်လေး စာနဲ့ဝေးပြီး
တွေးရင်း ရင်လေးနေမိပါတယ်ဘုရား။

ရပ်သူရွာသား လူအများမှာ
တရားရေအေး တိုက်ကျွေးမည့်သူ
မရှိမူ၍ လူသည် လူ့အသိ
မရှိကြတော့ပါဘုရား။

သားတော်ငယ်ပေါင်း ရွာကကျောင်းမှာ
ကျောင်းသားကိုပင် မတွေ့မြင်ခဲ့
ကိုရင်ဘယ်မှာ ဖြစ်ထွန်းပါလိမ့်။
သာမဏေဝါဝင်း မရှိလျင်းသော်
ပဉ္ဇင်းဘယ်မှာ ဖြစ်ထွန်းပါလိမ့်
ပင်မှာ သက်သက် ခက်လက်မဖြာ
သာသနာလျှင် ရောင်ဝါမလင်းနိုင်တော့ပါဘုရား။

သာသနာ့ရင်းမြစ် တောကဖြစ်လျက်
တောပစ်မြို့ပေါ် သားတော်ပျော်က
တော် မတော်ပင် ကြံတွေးဆင်၍
လျင်လျင်မြန်မြန် တောရပ်ထံသို့
ပြန်ခဲ့ပါတော့ သားတော်မောင်ပဉ္ဇင်းဘုရား.....။

Saturday, 21 April 2012

အလှပိုင်ရှင်

              အလှပိုင်ရှင်တစ်ယောက်ဖြစ်ချင်ရင် မိမိရဲ့စိတ်ကိုအရင်ပြင်ပေးရမယ်။ စိတ်လှမှသာ
ရုပ်လဲလှမယ်။ ရုပ်ဘယ်လောက်လှအောင်ပြင်ပြင် စိတ်ကိုပြင်မထားဘူးဆိုရင် တကယ်အလှပိုင်
ရှင်အစစ်မဟုတ်သေးဘူး။ စိတ်ကိုပြင်ဆင်ထားသော အလှပိုင်ရှင်များဟာ လူတစ်ယောက်ကို
တွေ့လို့ပြုံး၍နှုတ်ဆက်လိုက်လျှင် နှုတ်ဆက်ခံရသူရဲ့စိတ်ထဲမှာ အေးချမ်းပြီး လတ်တလောဖြစ်
နေသော ဒုက္ခများကိုတောင် ခေတ္တခဏမေ့သွားတတ်တယ်။ ဒါသည်ပင် အလှပိုင်ရှင်များအဖို့ အပြုံးဆေးတစ်ခွက် တိုက်ကျွေးလိုက်ခြင်းဖြစ်တယ်။
             
                 လှပလိုသူများအတွက် လှပသောစိတ်ဓာတ်ဟာလိုပါတယ်။ မျှဝေခံစားတတ်ခြင်း၊
ကြင်နာခြင်း၊ နားလည်မှုပေးနိုင်ခြင်းတို့ဟာ အလှတရားများဖြစ်တယ်။ ဒီအလှတရားတွေကို
လက်ကိုင်ထားရင် မိမိရဲ့စိတ်ဓာတ်ဟာ လှပနေပြီဖြစ်လို့ စိတ်ချမ်းသာရပါတယ်။ နောက်ပြီး
လှချင်သူများဟာ မနာလိုဝန်တိုတတ်တဲ့စိတ်ကင်းနေရပါမယ်။ ဒီစိတ်တွေက မိမိရဲ့အလှ
တရားတွေကိုဖျက်ဆီးနိုင်တာကြောင့် မွေးမြူထားမယ်ဆိုရင် မိမိဟာဘယ်တော့မှ လှပသူ
တစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။
            
                လူအများစုဟာ နှစ်သက်ဖွယ်ရာအကြည့်လေးတစ်ချက် အားတက်ဖွယ်ရာအပြုံး
လေးတစ်ပွင့်ကို လက်ဆောင်အဖြစ်လိုချင်ကြတယ်။နောက်ပြီး နေ့စဉ်ပေါင်းသင်းဆက်ဆံနေ
ရတဲ့ သူတွေထဲမှာ အပြုံးကိုလက်မခံနိုင်တဲ့သူဆိုတာ မရှိပါဘူး။ အပြုံးလေးတစ်ချက် မပေးနိုင်တဲ့
သူတွေသာရှိမှာပါ။ အဒီလိုအပ်ချက်ကို မိမိကပေးနိုင်မယ်ဆိုရင် လောကအလယ်မှာ မိမိလောက်
လှပတဲ့သူ ရှိနိုင်တော့မှာမဟုတ်ပါဘူး။ မိမိဘက်ကပြည့်စုံအောင် ပြင်ဆင်ထားဖို့သာလိုအပ်ပါတယ်။
                
                ပြင်ဆင်တဲ့နေရမှာလဲ ရုပ်ဆိုတာသင့်တော်ရုံပြင်ဆင်ထားရင် ကြည့်ပျော်ရှုပျော်ဖြစ်လို့
ပြည့်စုံသလောက်ရှိပါပြီ အဓိကအလေးထားပြင်ရမှာက စိတ်ထားကိုပြင်ကြရမှာပါ။ ခုခေတ်လူငယ်
အတော်များများဟာ ရုပ်ဝတ္ထုနောက်ကိုလိုက်ပြီး ဟိုလိုဝတ်လိုက် ဒီလိုဝတ်လိုက်နဲ့ အဖေနဲ့သမီး
အမေနဲ့သား အတူမထိုင်ရဲအောင် အတူမသွားရဲလောက်အောင်ကိုဖြစ်နေကြတယ်။ ဒါကိုခေတ်မှီတယ်လို့ပြောရင်ပြောကြပေတော့။ လှချင်လို့ဝတ်ကြပေမဲ့ သူတို့ရဲ့အလှဟာ စိတ်ထားလှသူတွေရဲ့အလှနဲ့ယှဉ်လိုက်ရင် ပူလောင်မှုပေးနိုင်တဲ့အလှနဲ့ အေးချမ်းမှုပေးနိုင်တဲ့
အလှဆိုတာ ကွဲပြားခြားနားစွာတွေ့မြင်ကြရမှာပါ။ တကယ်လူတွေလိုအပ်နေတာက အေးချမ်းတဲ့
အလှတရားကိုသာ လိုအပ်တာပါ။ ဆရာသမားတွေဆုံးမခဲ့တာလေးတစ်ခုကို သတိရနေမိတယ်....အနေရိုးစေ၊ အသိဆန်းစေတဲ့ တိုတိုလေးနဲ့ တကယ်တန်ဘိုးရှိတဲ့ စကားလေးပါ။

             ဒါ့ကြောင့် ချုပ်ရမယ်ဆိုရင် တကယ်လှချင်သူများဟာ ရုပ်လှဖို့ထက် စိတ်လှဖို့ကိုဦးစားပေး
ပြင်ရမယ်။ ရုပ်ကဘယ်လောက်ပင်ဆိုးနေပါစေ စိတ်ထားလှပြီး ဖော်ဖော်ရွေရွေနဲ့ အများအကျိုး
ဆောင်နိုင်မယ်ဆိုရင် လောကမှာကိုယ့်လောက်လှသူ ဘယ်သူရှိနိုင်ပါအုံးမလဲ။ လှချင်သူများ
စိတ်ထားလေးတွေ ပြင်နိုင်ကြပါစေ...။
            

Saturday, 7 April 2012

သင်သိသလား

            သင်အိပ်ပျော်နေသောအချိန်မှာ သင်ရဲ့သူငယ်ချင်းက ရှေ့တက်ဖို့ ပြင်ဆင်ပြီးနေပြီ၊
သင် ချီတက်ဖို့ ပြင်ဆင်ပြီးချိန်မှာတော့ သင့်ရဲ့သူငယ်ချင်းက လမ်းတစ်ဝက်ရောက်နေပြီဆိုတာ ဘယ်တော့မှမမေ့လေနဲ့...။ အချိန်တိုင်းသည် သင့်အတွက် အရေးကြီးသည်....။

Friday, 6 April 2012

အမေ့ဆန္ဒ

          သင်္ကြန်နားနီးတော့ အမေကိုသတိရနေမိတယ်။ ပုတီးတစ်ကုံး လက်မှာကိုင်စွဲပြီး သားတော်မောင် ငယ်စဉ်ကနေလာခဲ့တဲ့ကျောင်းကန်ဘုရားမှာ သားတော်မောင်ကို အလွမ်းပြေအဖြစ် နေလာခဲ့တဲ့နေရာ
 လေးကို တစ်ခေါက်တစ်ခါ ကြည့်ဖြစ်တယ်ဆိုတဲ့ အမေ့ရဲ့အသံလေးကိုနားထဲကြားယောင်နေမိတယ်အမေ။ အမေ့ရဲ့အသံလေးကို ကြားယောင်သလို အမေဖြစ်စေချင်တဲ့ သာသနာအတွက် အထောက်အပံ့အဖြစ် သာသနာ့ဝန်ထမ်းကောင်းဖြစ်အောင် ကြိုးစားရင်း ဒီကဗျာလေးကို တင်ပြပေးလိုက်ပါတယ်......။


စာပေပရိယတ် ကျမ်းဂန်တတ်မှ
မြင့်မြတ်ပေမည် ကြံတွေးရည်၍
ထိုဤမြို့သို့ သားတော်ပို့သည်
လွမ်းလို့ နေရပါသည်ဘုရား....။

ဖခမည်းနဲ့ သားကြီးမယ်တော်
နေ့စဉ်မျှော်၍ ပေါ်လာလိမ့်နိုး
လာလိမ့်နိုးဖြင့် လက်ချိုးရေတွက်နေရပါတယ်ဘုရား။

မြေးသားနုထွေး ငယ်နုသေးသည့်
ကလေးအများ ချောင်းကြိုကြားမှာ
ငါးရှာဖားရိုက် ကစားလိုက်နဲ့
ငယ်ခိုက်ချိန်လေး စာနဲ့ဝေးပြီး
တွေးရင်း ရင်လေးနေမိပါတယ်ဘုရား။

ရပ်သူရွာသား လူအများမှာ
တရားရေအေး တိုက်ကျွေးမည့်သူ
မရှိမူ၍ လူသည် လူ့အသိ
မရှိကြတော့ပါဘုရား။

သားတော်ငယ်ပေါင်း ရွာကကျောင်းမှာ
ကျောင်းသားကိုပင် မတွေ့မြင်ခဲ့
ကိုရင်ဘယ်မှာ ဖြစ်ထွန်းပါလိမ့်။
သာမဏေဝါဝင်း မရှိလျင်းသော်
ပဉ္ဇင်းဘယ်မှာ ဖြစ်ထွန်းပါလိမ့်
ပင်မှာ သက်သက် ခက်လက်မဖြာ
သာသနာလျှင် ရောင်ဝါမလင်းနိုင်တော့ပါဘုရား။

သာသနာ့ရင်းမြစ် တောကဖြစ်လျက်
တောပစ်မြို့ပေါ် သားတော်ပျော်က
တော် မတော်ပင် ကြံတွေးဆင်၍
လျင်လျင်မြန်မြန် တောရပ်ထံသို့
ပြန်ခဲ့ပါတော့ သားတော်မောင်ပဉ္ဇင်းဘုရား.....။

Thursday, 15 March 2012

စိတ်ချမ်းသာအောင်နေပါ

   စိတ်ချမ်းသာအောင် ဘယ်လိုနေထိုင်မလဲ ဒီမေးခွန်းဟာ လူတိုင်းအတွက် အဖြေရှိပြီးသား ဖြစ်ပါမယ်။အမေးရှိလို့အဖြေရှိတာ မဆန်းပေမည့် အဲဒီအဖြေကို မလိုက်နာနိုင်လို့လား ဒါမှမဟုတ် အဖြေကိုပဲတိကျသေချာစွာ မသိရှိလို့လား နေ့စဉ်ပေါင်းသင်းဆက်ဆံရေးတွေမှာ ဒေါသတွေဖြစ်နေ ကြတာ တွေ့မြင်နေရတယ်။ ဒေါသဖြစ်ရင် ဘယ်သူခံစားရလဲ ဒေါသဖြစ်သူကိုယ်တိုင်ပဲ ရင်တွင်းမီးတွေ တစ်လှပ်လှပ်နဲ့ ပူလောင်နေလို့ ဒေါသဖြစ်သူကိုယ်တိုင်ပဲ
ခံစားရတယ်။ ဒါ့ကြောင့်မြတ်ဗုဒ္ဓက ဒေါသမူစိတ်ကို အကုသိုလ်စိတ်(၁၂)ပါးမှာ ထည့်သွင်းခဲ့တာပါ။

            ပြဇာတ်ခွေထဲကစကားလေးတစ်ခွန်းနဲ့ ငယ်ငယ်ကတော့ အမေကဆုံးမဖူးတယ်။ ငြိမ်ငြိမ်နေ၊ တိုးတိုးပြော၊
အေးအေးလူလူဆက်ဆံတဲ့ ဒီစကားလေးဟာ လူမှုပေါင်းသင်းရေးမှာ လူအမုန်း မခံရအောင် နေနည်းထိုင်နည်းပဲတဲ့။
လူအမုန်းမခံရရင် စိတ်ဆိုးမှုတွေလဲမရှိတော့ စိမ်းချမ်းသာတယ်၊ လူအများနဲ့အတိုက်အခံမဖြစ်တော့ဘူးတဲ့ အမေကသူသိသာလေးနဲ့ပြောပြခဲ့ဘူးတယ်။ ဒီစကားလေး ဟာ ဆက်ဆံရေးနယ်ပယ်မှာ ထိုက်သင့်သလောက် အကျိုးပြုပေမဲ့ ဗုဒ္ဓစာပေတွေကို ဖတ်ရှုလေ့လာ တဲ့ အခါမှာတော့ အထက်ပါ ငြိမ်ငြိမ်နေ၊ တိုးတိုးပြော၊ အေးအေးလူလူဆက်ဆံဆိုတဲ့စကားဟာ မပြည့်စုံဘူးဆိုတာကိုတွေ့လိုက်ရတယ်။

             ကိုယ်ကဘယ်လိုပင် ကောင်အောင်နေသော်လဲ တစ်ဖက်သားက ရန်မှုစေမည့်စကား၊ ဒေါသဖြစ်စေမည့်
စကားတွေပြောလာရင် လူဆိုတာ စိတ်ဆိုးတတ်ရန်ဖြစ်တတ်တာမို့ အမှားတွေ ကျူးလွန်မိပြန်ရော။ ဒီအခါမှာ စိတ်ချမ်းသာမှု
ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါ့ကြောင့်တကယ် စိတ်ချမ်းသာစေချင်ရင် မြတ်ဗုဒ္ဓပေးသော နည်းလမ်းကသာ အကောင်းဆုံး
အဖြစ်တွေ့ရတယ်။ မြတ်ဗုဒ္ဓက ဒေါသကို ဥပမာအမျိုးမျိုးနဲ့ခိုင်းနှိုင်းပြထားခဲ့တယ်။ ဒေါသဟာဘာနှင့်တူသလဲဆိုရင် မီးကျီးခဲနဲ့တူတယ်။ မီးကျီးခဲဟာ သူ့ဟာနဲ့သူနေရင် မပူလောင်ဘူး။ ဒီလိုမှမဟုတ်ဘဲမိမိကိုယ်တိုင်က ကိုင်မိလျှင်ဖြစ်စေ တစ်ခြားသူတစ်ဦးကယူဆောင်လာပြီး လာတို့ထိလျှင်ဖြစ်စေ ပူလောင်စေတတ်ပါ တယ်။ ပူလောင်ပြီးဆိုကတည်းက မကောင်းတဲ့ခံစားမှုတွေဖြစ်ပေါ်လာသလို ဒေါသဖြစ်သူဟာ စိတ်ချမ်း သာစရာမရှိပါဘူး။

                နောက်ပြီးဒေါသဖြစ်သူဟာ " ကောဓော အတ္ထံ နဇာနာတိ " စိတ်ဆိုးအမျက်ထွက်တဲ့သူဟာ အကောင်းအဆိုးကို
မခွဲခြားနိုင်တော့ဘူး။ စိတ်ဆိုးဒေါသထွက်နေချိန်မှာ ဘေးနားကလူက အမှန်တွေ လာပြောနေရင်တောင် သူ့စိတ်ထဲမှာ အမှားလို့ထင်တတ်ကြတယ်လေ။ ဒီတော့ ဒေါသကို ဘယ်လိုထိမ်းမလဲ။ မြတ်ဗုဒ္ဓကတော့ ဗြဟ္မဏ၀ဂ်၊ အက္ကောသက ဘာရဒွါဇသုတ်မှာ ပြထားခဲ့တယ်။ တစ်ဖက်သားက လိပ်စာအတိကျနှင့်တကွ ပစ္စည်းတစ်ခုပို့မယ်ဆိုရင် ဒီဘက်လူက အဲဒီပစ္စည်း ကိုလက်ခံလိုက်ရင် အဲဒီပစ္စည်းဟာ ဒီဘက်လူလက်ထဲရောက်လာမှာ။ တကယ်လို့ လက်မခံဘူးဆိုရင် တော့ အဲဒီပစ္စည်းဟာ ပို့တဲ့သူထံပြန်ရောက်သွားပါမယ်။ ထို့အတူပဲ တစ်ဖက်သားက ကိုယ့်ကိုယ်ဒေါသ ဖြစ်စေမည့်စကားလုံးတွေနဲ့ ပြစ်ပေါက်လာမယ်၊ အမူအရာတွေနဲ့စော်ကားလာမယ်ဆိုရင် အဲဒီစကား  လုံးတွေ၊ အမူအရာတွေကို ကိုယ်ကလက်ခံလိုက်ရင် ဒေါသဆိုတာ
ဖြစ်ပေါ်လာတာပါ။ ဒေါသဖြစ်ပေါ် လာရင် စိတ်ချမ်းသာမှုဆိုတာ ဘယ်ဖြစ်နိုင်တော့မလဲ။ တစ်ဖက်သားရဲ့စကားလုံးတွေ၊ ထိုးနှက်ချက် တွေကို ကိုယ်ကလက်မခံရင် အဲဒီစကားလုံးတွေ၊ ထိုးနှက်ချက်တွေဟာ ပြောတဲ့သူထံပြန်သွားပြီး တစ်ဖက်သားမှာပြန်ပူလောင်စေပါတယ်။

                ဒါ့ကြောင့် တစ်ဖက်သားကဘာတွေပဲပြောပြော၊ ဘာတွေပဲလုပ်လုပ် ကိုယ်ကနားလည်မှုပေးပြီး
ပြန်မတုန့်ပြန်မိပါစေနဲ့။ ပြန်တုန့်ပြန်မိလိုက်ရင် ကိုယ့်ကိုယ်ပါ အပူလာဟတ်တော့မယ်ဆိုတာ သတိထားသင့်ပါတယ်။ မြတ်ဗုဒ္ဓနဲ့ အက္ကောသကဘာရဒွါဇ ပုဏ္ဏားကြီးတို့ စကားစစ်ထိုးခန်းမှ စိတ်ချမ်းသာစွာနေချင်သူများအတွက် ကောက်နှုတ်တင်ပြလိုက်ပါတယ်။

                                                                                            အားလုံးပျော်ရွှင်စွာနေနိုင်ကြပါစေ…..။

Tuesday, 13 March 2012

ဘုန်းကြီးဘဝ


                တစ်ခါတုန်းက ရွာတစ်ရွာမှာ တောထွက်ရဟန်းကြီးတစ်ပါးဟာ 
ရွာကကျောင်းထိုင်ဆရာတော် မထင်မှတ်ပဲ ပျံလွန်တော်မူလို့
 ကျောင်းထိုင်လိုက်ရတယ်။ သူ့ခမျာကျောင်းသာ ထိုင်လိုက်ရတယ်
 တောထွက်ဆိုတဲ့အတိုင်း ကြီးမှဝတ်လာတော့ စာပေပရိယတ်ကလဲ မရှိရှာဘူး။ 
လူ့ဘ၀နေစဉ်ကလဲ စာဝတ်နေရေးအတွက် အလုပ်လုပ်နေရတော့ တရားဘာဝနာ
ဆိုတာလဲ နာကြားဖို့အားထုတ်ဖို့ အချိန်ကမလုံလောက်ခဲ့ဘူး။ ပြောရရင်တော့ 
သာသနာ့ဘောင်ဝင်လာတော့လဲ အစိမ်းသက်သက်လို့ပဲ ဆိုရတော့မယ်။ 
ငယ်ငယ်ကတော့ သင်ပုန်းကြီးနဲ့မင်္ဂလသုတ်ပါဌ်ဆင့်လေး နည်းနည်းပါးပါး 
ဖတ်တတ် တာလောက်ပဲရှိခဲ့တယ်။ ဒီတော့ရွာကလူတွေကလဲ ငယ်ဖြူကိုယ်တော်ကို
ရှာမတွေ့တော့ ဒီကိုယ်တော် ကိုပဲ ကျောင်းစောင့်ကျောင်းထိုင်အဖြစ်ထားလိုက်ကြတာပေါ့။
 နောက်များစာတတ်ပေတတ် ငယ်ဖြူ ကိုယ်တော်တွေ့မှ ကျောင်းထိုင်အဖြစ် ပြန်အပ်မယ်
ဆိုပြီး ကျောင်းတင်လိုက်ကြတယ်။
            
               ကျောင်းတင်ပွဲမှာပဲ တောထွက်ရဟန်းကြီးက ဒါယကာ+ဒါယိကာမကြီးတို့
 ဦးဇင်းကအခုမှ သာသနာဘောင်ဝင်လာတာဆိုတော့ စာပေပရိယတ်ကမရှိဘူး။
 ကျောင်းထိုင်ဘုန်းကြီး ဖြစ်ပြီဆိုရင် ရပ်ရေးရွာရေး၊ သာရေးနာရေးမှာ ဟောရ
 ပြောရအုံးမယ်။ ဦးဇင်းကတရားမဟောတတ်သေးဘူးလို့ပြော တော့ ရွာကလူတွေ
ကလဲ ဒီကိုယ်တော်မှမထိုင်ရင် ဒို့ရွာကသာသနာအဆက်ပြတ်သွားလိမ့်မယ်။ ဒီလိုတော့
မဖြစ်ချေဘူးဆိုပြီး ဦးပဇင်းကြီးကို အားပေးစကားပြောတော့တာပေါ့။ အရှင်ဘုရားရယ် 
ငယ်ငယ်ကလည်း မင်္ဂလသုတ်ပါဌ်ဆင့်တွေ ကျက်မှတ်လာခဲ့တာ ကြိုးစားကျက်ရင်တော့
 ဖြင့် တရားဟောနိုင်လောက်ပါတယ်။ တပည့်တော်တို့ကလဲ တစ်ခြားလူတွေမှ
မဟုတ်တာ ရွာသူ/သားတွေ ပဲ မှားသွားလဲ အပြစ်မမြင်ပါဘူးဘုရား အဲဒီ
အတွက်တော့ ဘာမှမပူနဲ့ နောက်တော့ဖြစ်သွားမှာပဲဟု အားပေးစကား
 လျှောက်ထားတော့ အင်းဒီလိုဆိုတော့လဲ ကြိုးစားကြည့်ရတာပါ့။ မှားသွားလဲ
နားလည် ပေးလောက်ပါတယ်ဟုတွေးပြီး ကျောင်းအပ်တာကိုလက်ခံလိုက်ပါတယ်။
              
              တစ်ပါတ်လောက်ကြာတော့ ရွာထဲကမမိအေးရဲ့ တစ်ဦးတည်းသောသားလေး 
ကံမကောင်း အကြောင်းမလှတော့ ဘ၀တစ်ပါးပြောင်းသွားရှာတယ်။ ဆရာတော်
ဘုရား မနက်ဖြန်မနက် ဒါယိကာမ မမိအေးရဲ့အိမ်မှာ သပိတ်သွပ်ဆွမ်းတရားနာ 
ချီးမြှင့်ပေးပါဘုရားလို့ ရွာသားတစ်ယောက်လာရှောက် တော့ အင်း ငါအကြောက်ဆုံး
အချိန်တော့ရောက်လာပြီ ဒါပေမဲ့လေ ဘယ်တတ်နိုင်မလဲ ဟောရတာ ပါ့လို့ ပြောလိုက်
 တော့တယ်။ လာပင့်တဲ့ဒကာလေးလဲ ပြန်သွားရော အရင်ဘုန်းကြီးကြည့်ရှုခဲ့တဲ့ 
တရားစာအုပ် တွေကို ဟိုလှန်ရှာဒီလှန်ရှာနဲ့ တစ်နေရာအရောက်မှာ ဓမ္မပဒ၊ 
ပိယ၀ဂ်က ၀ိသာခါ ကျောင်းအမကြီး မြေးလေးဆုံးတော့ မြတ်စွာဘုရားကို
ပင့်ပြီး ဆွမ်းသွပ်တရားနာမှာဟောကြားထားတဲ့ ပိယတော ဇာယတော သောကော-
စတဲ့ ဂါထာလေးကိုကျက်မှတ်၊ အနက်ပြန်နဲ့လုပ်နေခဲ့တယ်။
         
                 ဒီလိုနဲ့မနက်ရောက်လာလို့ တရားဟောဖို့လာပင့်တော့ သင်္ကန်းသပ္ပါယ်ပြီး
လိုက်သွားခဲ့တယ်။  တရားနာလာတဲ့ ပရိတ်သတ်ကလဲ ဒီကနေ့ ဒို့ဦးဇင်းကြီး
တရားဦးဟောမှာ ဘယ်လိုများဟောမှာပါ လိမ့်ဆိုပြီး စိတ်ဝင်စားလို့ တရားနာ
လာကြာတဲ့ပရိသတ်ကလဲ များမှများပဲ။ တရားဟောရမည့် နေရာလဲ ရောက်ရော
 အောက်ကတရားနာပရိသတ်က ဦးဇင်းကြီး ဘာမှမကြောက်နဲ့နော် ရဲရဲသာဟောချ 
လိုက်လို့ အားပေးကြပါတယ်။ အဲဒီလိုအားပေးသံတွေကြားတော့ ဦးဇင်းကြီးအားတက်ကြီး 
သီလပေး ဟုတ်လို့ ဖြောင့်တန်းနေတာပဲ။
              
            သီလပေးပြီးလို့ အပူသယ်တွေ စိတ်ငြိမ်းချမ်းမှုရအောင် တရားဟောဦးမယ်ဆိုပြီး 
သူကျက်ခဲ့ တဲ့ ကျောင်းအမကြီးဝိသာခါဇာတ်ကြောင်းဟောတော့ အဓိကဇာတ်ဆောင်
 ဖြစ်တဲ့ ၀ိသာခါရဲ့ နာမည် ကိုမေ့နေတော့တယ်။ အမှတ်ဖော်လို့မရတော့ ဟိုကြည့်
ဒီကြည့်လုပ်လိုက် ခေါင်းကုတ်လိုက်၊ သင်္ကန်းရုံ လေးပြင်လိုက်နဲ့ လုပ်နေတာ ပါးစပ်ကလဲ 
" ဟိုဗျာ ဟိုဒါယိကာမကြီးလေ အင်း….နာမည်မေ့နေတာ၊ ဟိုဗျာနဲ့ ဒီလိုဖြစ်နေတော့
 အောက်ကတရားနာပရိသတ်တွေကလဲ ဦးဇင်းကြီးရယ် မေ့နေလဲ နောက်ပွဲတွေမှ
 ဟောပါဘုရားလို့ နားလည်သောအားဖြင့် လျှောက်ထားလိုက်ပါတော့တယ်။

                ဦးဇင်းကြီးက တရားဦးပွဲမှာ ဒီလိုဖြစ်ခဲ့တော့ စိတ်ထဲမှာတော့အခဲကမကျေချင်ဘူး
 ဖြစ်နေတယ်။ ဒါနဲ့ ကန်တော့ပွဲလိုက်ပို့တဲ့ ဒါယိကာမတွေနဲ့အတူ ပြန်ကြွလာခဲ့တယ်။
 ကျောင်းရောက်ချင်းမှာပဲ သူကျက်ခဲ့တဲ စာအုပ်ကိုကောက်ကိုင်ပြီး လှန်လှော
ရှာကြည့်လိုက်တော့ တွေ့ပါပြီ ကျောင်းအမကြီး ၀ိသာခါ။ ဒီတော့ ဦးပဇင်းကြီးက 
ငါ့ကိုဒုက္ခပေးတဲ့ " စောက်ကမျဉ်းမှဟာမ နင်ကဒီထဲရောက်နေ တာကိုး" ဟု
 နှုတ်မှထွက်သွားပါတော့တယ်။ ကန်တော့ပွဲလာပို့တဲ့ အမျိုးသမီးတွေ
ခမျာမှာတော့ ဦးဇင်းကြီး ပြောလိုက်တဲ့စကားကြောင့် ပြုံးစိစိနဲ့ ပြန်သွားကြလေရဲ့…….။

                                                                           လူတိုင်းပြုံးနိုင်ကြပါစေ…….။