Saturday, 7 April 2012

သင်သိသလား

            သင်အိပ်ပျော်နေသောအချိန်မှာ သင်ရဲ့သူငယ်ချင်းက ရှေ့တက်ဖို့ ပြင်ဆင်ပြီးနေပြီ၊
သင် ချီတက်ဖို့ ပြင်ဆင်ပြီးချိန်မှာတော့ သင့်ရဲ့သူငယ်ချင်းက လမ်းတစ်ဝက်ရောက်နေပြီဆိုတာ ဘယ်တော့မှမမေ့လေနဲ့...။ အချိန်တိုင်းသည် သင့်အတွက် အရေးကြီးသည်....။

Friday, 6 April 2012

အမေ့ဆန္ဒ

          သင်္ကြန်နားနီးတော့ အမေကိုသတိရနေမိတယ်။ ပုတီးတစ်ကုံး လက်မှာကိုင်စွဲပြီး သားတော်မောင် ငယ်စဉ်ကနေလာခဲ့တဲ့ကျောင်းကန်ဘုရားမှာ သားတော်မောင်ကို အလွမ်းပြေအဖြစ် နေလာခဲ့တဲ့နေရာ
 လေးကို တစ်ခေါက်တစ်ခါ ကြည့်ဖြစ်တယ်ဆိုတဲ့ အမေ့ရဲ့အသံလေးကိုနားထဲကြားယောင်နေမိတယ်အမေ။ အမေ့ရဲ့အသံလေးကို ကြားယောင်သလို အမေဖြစ်စေချင်တဲ့ သာသနာအတွက် အထောက်အပံ့အဖြစ် သာသနာ့ဝန်ထမ်းကောင်းဖြစ်အောင် ကြိုးစားရင်း ဒီကဗျာလေးကို တင်ပြပေးလိုက်ပါတယ်......။


စာပေပရိယတ် ကျမ်းဂန်တတ်မှ
မြင့်မြတ်ပေမည် ကြံတွေးရည်၍
ထိုဤမြို့သို့ သားတော်ပို့သည်
လွမ်းလို့ နေရပါသည်ဘုရား....။

ဖခမည်းနဲ့ သားကြီးမယ်တော်
နေ့စဉ်မျှော်၍ ပေါ်လာလိမ့်နိုး
လာလိမ့်နိုးဖြင့် လက်ချိုးရေတွက်နေရပါတယ်ဘုရား။

မြေးသားနုထွေး ငယ်နုသေးသည့်
ကလေးအများ ချောင်းကြိုကြားမှာ
ငါးရှာဖားရိုက် ကစားလိုက်နဲ့
ငယ်ခိုက်ချိန်လေး စာနဲ့ဝေးပြီး
တွေးရင်း ရင်လေးနေမိပါတယ်ဘုရား။

ရပ်သူရွာသား လူအများမှာ
တရားရေအေး တိုက်ကျွေးမည့်သူ
မရှိမူ၍ လူသည် လူ့အသိ
မရှိကြတော့ပါဘုရား။

သားတော်ငယ်ပေါင်း ရွာကကျောင်းမှာ
ကျောင်းသားကိုပင် မတွေ့မြင်ခဲ့
ကိုရင်ဘယ်မှာ ဖြစ်ထွန်းပါလိမ့်။
သာမဏေဝါဝင်း မရှိလျင်းသော်
ပဉ္ဇင်းဘယ်မှာ ဖြစ်ထွန်းပါလိမ့်
ပင်မှာ သက်သက် ခက်လက်မဖြာ
သာသနာလျှင် ရောင်ဝါမလင်းနိုင်တော့ပါဘုရား။

သာသနာ့ရင်းမြစ် တောကဖြစ်လျက်
တောပစ်မြို့ပေါ် သားတော်ပျော်က
တော် မတော်ပင် ကြံတွေးဆင်၍
လျင်လျင်မြန်မြန် တောရပ်ထံသို့
ပြန်ခဲ့ပါတော့ သားတော်မောင်ပဉ္ဇင်းဘုရား.....။

Thursday, 15 March 2012

စိတ်ချမ်းသာအောင်နေပါ

   စိတ်ချမ်းသာအောင် ဘယ်လိုနေထိုင်မလဲ ဒီမေးခွန်းဟာ လူတိုင်းအတွက် အဖြေရှိပြီးသား ဖြစ်ပါမယ်။အမေးရှိလို့အဖြေရှိတာ မဆန်းပေမည့် အဲဒီအဖြေကို မလိုက်နာနိုင်လို့လား ဒါမှမဟုတ် အဖြေကိုပဲတိကျသေချာစွာ မသိရှိလို့လား နေ့စဉ်ပေါင်းသင်းဆက်ဆံရေးတွေမှာ ဒေါသတွေဖြစ်နေ ကြတာ တွေ့မြင်နေရတယ်။ ဒေါသဖြစ်ရင် ဘယ်သူခံစားရလဲ ဒေါသဖြစ်သူကိုယ်တိုင်ပဲ ရင်တွင်းမီးတွေ တစ်လှပ်လှပ်နဲ့ ပူလောင်နေလို့ ဒေါသဖြစ်သူကိုယ်တိုင်ပဲ
ခံစားရတယ်။ ဒါ့ကြောင့်မြတ်ဗုဒ္ဓက ဒေါသမူစိတ်ကို အကုသိုလ်စိတ်(၁၂)ပါးမှာ ထည့်သွင်းခဲ့တာပါ။

            ပြဇာတ်ခွေထဲကစကားလေးတစ်ခွန်းနဲ့ ငယ်ငယ်ကတော့ အမေကဆုံးမဖူးတယ်။ ငြိမ်ငြိမ်နေ၊ တိုးတိုးပြော၊
အေးအေးလူလူဆက်ဆံတဲ့ ဒီစကားလေးဟာ လူမှုပေါင်းသင်းရေးမှာ လူအမုန်း မခံရအောင် နေနည်းထိုင်နည်းပဲတဲ့။
လူအမုန်းမခံရရင် စိတ်ဆိုးမှုတွေလဲမရှိတော့ စိမ်းချမ်းသာတယ်၊ လူအများနဲ့အတိုက်အခံမဖြစ်တော့ဘူးတဲ့ အမေကသူသိသာလေးနဲ့ပြောပြခဲ့ဘူးတယ်။ ဒီစကားလေး ဟာ ဆက်ဆံရေးနယ်ပယ်မှာ ထိုက်သင့်သလောက် အကျိုးပြုပေမဲ့ ဗုဒ္ဓစာပေတွေကို ဖတ်ရှုလေ့လာ တဲ့ အခါမှာတော့ အထက်ပါ ငြိမ်ငြိမ်နေ၊ တိုးတိုးပြော၊ အေးအေးလူလူဆက်ဆံဆိုတဲ့စကားဟာ မပြည့်စုံဘူးဆိုတာကိုတွေ့လိုက်ရတယ်။

             ကိုယ်ကဘယ်လိုပင် ကောင်အောင်နေသော်လဲ တစ်ဖက်သားက ရန်မှုစေမည့်စကား၊ ဒေါသဖြစ်စေမည့်
စကားတွေပြောလာရင် လူဆိုတာ စိတ်ဆိုးတတ်ရန်ဖြစ်တတ်တာမို့ အမှားတွေ ကျူးလွန်မိပြန်ရော။ ဒီအခါမှာ စိတ်ချမ်းသာမှု
ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါ့ကြောင့်တကယ် စိတ်ချမ်းသာစေချင်ရင် မြတ်ဗုဒ္ဓပေးသော နည်းလမ်းကသာ အကောင်းဆုံး
အဖြစ်တွေ့ရတယ်။ မြတ်ဗုဒ္ဓက ဒေါသကို ဥပမာအမျိုးမျိုးနဲ့ခိုင်းနှိုင်းပြထားခဲ့တယ်။ ဒေါသဟာဘာနှင့်တူသလဲဆိုရင် မီးကျီးခဲနဲ့တူတယ်။ မီးကျီးခဲဟာ သူ့ဟာနဲ့သူနေရင် မပူလောင်ဘူး။ ဒီလိုမှမဟုတ်ဘဲမိမိကိုယ်တိုင်က ကိုင်မိလျှင်ဖြစ်စေ တစ်ခြားသူတစ်ဦးကယူဆောင်လာပြီး လာတို့ထိလျှင်ဖြစ်စေ ပူလောင်စေတတ်ပါ တယ်။ ပူလောင်ပြီးဆိုကတည်းက မကောင်းတဲ့ခံစားမှုတွေဖြစ်ပေါ်လာသလို ဒေါသဖြစ်သူဟာ စိတ်ချမ်း သာစရာမရှိပါဘူး။

                နောက်ပြီးဒေါသဖြစ်သူဟာ " ကောဓော အတ္ထံ နဇာနာတိ " စိတ်ဆိုးအမျက်ထွက်တဲ့သူဟာ အကောင်းအဆိုးကို
မခွဲခြားနိုင်တော့ဘူး။ စိတ်ဆိုးဒေါသထွက်နေချိန်မှာ ဘေးနားကလူက အမှန်တွေ လာပြောနေရင်တောင် သူ့စိတ်ထဲမှာ အမှားလို့ထင်တတ်ကြတယ်လေ။ ဒီတော့ ဒေါသကို ဘယ်လိုထိမ်းမလဲ။ မြတ်ဗုဒ္ဓကတော့ ဗြဟ္မဏ၀ဂ်၊ အက္ကောသက ဘာရဒွါဇသုတ်မှာ ပြထားခဲ့တယ်။ တစ်ဖက်သားက လိပ်စာအတိကျနှင့်တကွ ပစ္စည်းတစ်ခုပို့မယ်ဆိုရင် ဒီဘက်လူက အဲဒီပစ္စည်း ကိုလက်ခံလိုက်ရင် အဲဒီပစ္စည်းဟာ ဒီဘက်လူလက်ထဲရောက်လာမှာ။ တကယ်လို့ လက်မခံဘူးဆိုရင် တော့ အဲဒီပစ္စည်းဟာ ပို့တဲ့သူထံပြန်ရောက်သွားပါမယ်။ ထို့အတူပဲ တစ်ဖက်သားက ကိုယ့်ကိုယ်ဒေါသ ဖြစ်စေမည့်စကားလုံးတွေနဲ့ ပြစ်ပေါက်လာမယ်၊ အမူအရာတွေနဲ့စော်ကားလာမယ်ဆိုရင် အဲဒီစကား  လုံးတွေ၊ အမူအရာတွေကို ကိုယ်ကလက်ခံလိုက်ရင် ဒေါသဆိုတာ
ဖြစ်ပေါ်လာတာပါ။ ဒေါသဖြစ်ပေါ် လာရင် စိတ်ချမ်းသာမှုဆိုတာ ဘယ်ဖြစ်နိုင်တော့မလဲ။ တစ်ဖက်သားရဲ့စကားလုံးတွေ၊ ထိုးနှက်ချက် တွေကို ကိုယ်ကလက်မခံရင် အဲဒီစကားလုံးတွေ၊ ထိုးနှက်ချက်တွေဟာ ပြောတဲ့သူထံပြန်သွားပြီး တစ်ဖက်သားမှာပြန်ပူလောင်စေပါတယ်။

                ဒါ့ကြောင့် တစ်ဖက်သားကဘာတွေပဲပြောပြော၊ ဘာတွေပဲလုပ်လုပ် ကိုယ်ကနားလည်မှုပေးပြီး
ပြန်မတုန့်ပြန်မိပါစေနဲ့။ ပြန်တုန့်ပြန်မိလိုက်ရင် ကိုယ့်ကိုယ်ပါ အပူလာဟတ်တော့မယ်ဆိုတာ သတိထားသင့်ပါတယ်။ မြတ်ဗုဒ္ဓနဲ့ အက္ကောသကဘာရဒွါဇ ပုဏ္ဏားကြီးတို့ စကားစစ်ထိုးခန်းမှ စိတ်ချမ်းသာစွာနေချင်သူများအတွက် ကောက်နှုတ်တင်ပြလိုက်ပါတယ်။

                                                                                            အားလုံးပျော်ရွှင်စွာနေနိုင်ကြပါစေ…..။

Tuesday, 13 March 2012

ဘုန်းကြီးဘဝ


                တစ်ခါတုန်းက ရွာတစ်ရွာမှာ တောထွက်ရဟန်းကြီးတစ်ပါးဟာ 
ရွာကကျောင်းထိုင်ဆရာတော် မထင်မှတ်ပဲ ပျံလွန်တော်မူလို့
 ကျောင်းထိုင်လိုက်ရတယ်။ သူ့ခမျာကျောင်းသာ ထိုင်လိုက်ရတယ်
 တောထွက်ဆိုတဲ့အတိုင်း ကြီးမှဝတ်လာတော့ စာပေပရိယတ်ကလဲ မရှိရှာဘူး။ 
လူ့ဘ၀နေစဉ်ကလဲ စာဝတ်နေရေးအတွက် အလုပ်လုပ်နေရတော့ တရားဘာဝနာ
ဆိုတာလဲ နာကြားဖို့အားထုတ်ဖို့ အချိန်ကမလုံလောက်ခဲ့ဘူး။ ပြောရရင်တော့ 
သာသနာ့ဘောင်ဝင်လာတော့လဲ အစိမ်းသက်သက်လို့ပဲ ဆိုရတော့မယ်။ 
ငယ်ငယ်ကတော့ သင်ပုန်းကြီးနဲ့မင်္ဂလသုတ်ပါဌ်ဆင့်လေး နည်းနည်းပါးပါး 
ဖတ်တတ် တာလောက်ပဲရှိခဲ့တယ်။ ဒီတော့ရွာကလူတွေကလဲ ငယ်ဖြူကိုယ်တော်ကို
ရှာမတွေ့တော့ ဒီကိုယ်တော် ကိုပဲ ကျောင်းစောင့်ကျောင်းထိုင်အဖြစ်ထားလိုက်ကြတာပေါ့။
 နောက်များစာတတ်ပေတတ် ငယ်ဖြူ ကိုယ်တော်တွေ့မှ ကျောင်းထိုင်အဖြစ် ပြန်အပ်မယ်
ဆိုပြီး ကျောင်းတင်လိုက်ကြတယ်။
            
               ကျောင်းတင်ပွဲမှာပဲ တောထွက်ရဟန်းကြီးက ဒါယကာ+ဒါယိကာမကြီးတို့
 ဦးဇင်းကအခုမှ သာသနာဘောင်ဝင်လာတာဆိုတော့ စာပေပရိယတ်ကမရှိဘူး။
 ကျောင်းထိုင်ဘုန်းကြီး ဖြစ်ပြီဆိုရင် ရပ်ရေးရွာရေး၊ သာရေးနာရေးမှာ ဟောရ
 ပြောရအုံးမယ်။ ဦးဇင်းကတရားမဟောတတ်သေးဘူးလို့ပြော တော့ ရွာကလူတွေ
ကလဲ ဒီကိုယ်တော်မှမထိုင်ရင် ဒို့ရွာကသာသနာအဆက်ပြတ်သွားလိမ့်မယ်။ ဒီလိုတော့
မဖြစ်ချေဘူးဆိုပြီး ဦးပဇင်းကြီးကို အားပေးစကားပြောတော့တာပေါ့။ အရှင်ဘုရားရယ် 
ငယ်ငယ်ကလည်း မင်္ဂလသုတ်ပါဌ်ဆင့်တွေ ကျက်မှတ်လာခဲ့တာ ကြိုးစားကျက်ရင်တော့
 ဖြင့် တရားဟောနိုင်လောက်ပါတယ်။ တပည့်တော်တို့ကလဲ တစ်ခြားလူတွေမှ
မဟုတ်တာ ရွာသူ/သားတွေ ပဲ မှားသွားလဲ အပြစ်မမြင်ပါဘူးဘုရား အဲဒီ
အတွက်တော့ ဘာမှမပူနဲ့ နောက်တော့ဖြစ်သွားမှာပဲဟု အားပေးစကား
 လျှောက်ထားတော့ အင်းဒီလိုဆိုတော့လဲ ကြိုးစားကြည့်ရတာပါ့။ မှားသွားလဲ
နားလည် ပေးလောက်ပါတယ်ဟုတွေးပြီး ကျောင်းအပ်တာကိုလက်ခံလိုက်ပါတယ်။
              
              တစ်ပါတ်လောက်ကြာတော့ ရွာထဲကမမိအေးရဲ့ တစ်ဦးတည်းသောသားလေး 
ကံမကောင်း အကြောင်းမလှတော့ ဘ၀တစ်ပါးပြောင်းသွားရှာတယ်။ ဆရာတော်
ဘုရား မနက်ဖြန်မနက် ဒါယိကာမ မမိအေးရဲ့အိမ်မှာ သပိတ်သွပ်ဆွမ်းတရားနာ 
ချီးမြှင့်ပေးပါဘုရားလို့ ရွာသားတစ်ယောက်လာရှောက် တော့ အင်း ငါအကြောက်ဆုံး
အချိန်တော့ရောက်လာပြီ ဒါပေမဲ့လေ ဘယ်တတ်နိုင်မလဲ ဟောရတာ ပါ့လို့ ပြောလိုက်
 တော့တယ်။ လာပင့်တဲ့ဒကာလေးလဲ ပြန်သွားရော အရင်ဘုန်းကြီးကြည့်ရှုခဲ့တဲ့ 
တရားစာအုပ် တွေကို ဟိုလှန်ရှာဒီလှန်ရှာနဲ့ တစ်နေရာအရောက်မှာ ဓမ္မပဒ၊ 
ပိယ၀ဂ်က ၀ိသာခါ ကျောင်းအမကြီး မြေးလေးဆုံးတော့ မြတ်စွာဘုရားကို
ပင့်ပြီး ဆွမ်းသွပ်တရားနာမှာဟောကြားထားတဲ့ ပိယတော ဇာယတော သောကော-
စတဲ့ ဂါထာလေးကိုကျက်မှတ်၊ အနက်ပြန်နဲ့လုပ်နေခဲ့တယ်။
         
                 ဒီလိုနဲ့မနက်ရောက်လာလို့ တရားဟောဖို့လာပင့်တော့ သင်္ကန်းသပ္ပါယ်ပြီး
လိုက်သွားခဲ့တယ်။  တရားနာလာတဲ့ ပရိတ်သတ်ကလဲ ဒီကနေ့ ဒို့ဦးဇင်းကြီး
တရားဦးဟောမှာ ဘယ်လိုများဟောမှာပါ လိမ့်ဆိုပြီး စိတ်ဝင်စားလို့ တရားနာ
လာကြာတဲ့ပရိသတ်ကလဲ များမှများပဲ။ တရားဟောရမည့် နေရာလဲ ရောက်ရော
 အောက်ကတရားနာပရိသတ်က ဦးဇင်းကြီး ဘာမှမကြောက်နဲ့နော် ရဲရဲသာဟောချ 
လိုက်လို့ အားပေးကြပါတယ်။ အဲဒီလိုအားပေးသံတွေကြားတော့ ဦးဇင်းကြီးအားတက်ကြီး 
သီလပေး ဟုတ်လို့ ဖြောင့်တန်းနေတာပဲ။
              
            သီလပေးပြီးလို့ အပူသယ်တွေ စိတ်ငြိမ်းချမ်းမှုရအောင် တရားဟောဦးမယ်ဆိုပြီး 
သူကျက်ခဲ့ တဲ့ ကျောင်းအမကြီးဝိသာခါဇာတ်ကြောင်းဟောတော့ အဓိကဇာတ်ဆောင်
 ဖြစ်တဲ့ ၀ိသာခါရဲ့ နာမည် ကိုမေ့နေတော့တယ်။ အမှတ်ဖော်လို့မရတော့ ဟိုကြည့်
ဒီကြည့်လုပ်လိုက် ခေါင်းကုတ်လိုက်၊ သင်္ကန်းရုံ လေးပြင်လိုက်နဲ့ လုပ်နေတာ ပါးစပ်ကလဲ 
" ဟိုဗျာ ဟိုဒါယိကာမကြီးလေ အင်း….နာမည်မေ့နေတာ၊ ဟိုဗျာနဲ့ ဒီလိုဖြစ်နေတော့
 အောက်ကတရားနာပရိသတ်တွေကလဲ ဦးဇင်းကြီးရယ် မေ့နေလဲ နောက်ပွဲတွေမှ
 ဟောပါဘုရားလို့ နားလည်သောအားဖြင့် လျှောက်ထားလိုက်ပါတော့တယ်။

                ဦးဇင်းကြီးက တရားဦးပွဲမှာ ဒီလိုဖြစ်ခဲ့တော့ စိတ်ထဲမှာတော့အခဲကမကျေချင်ဘူး
 ဖြစ်နေတယ်။ ဒါနဲ့ ကန်တော့ပွဲလိုက်ပို့တဲ့ ဒါယိကာမတွေနဲ့အတူ ပြန်ကြွလာခဲ့တယ်။
 ကျောင်းရောက်ချင်းမှာပဲ သူကျက်ခဲ့တဲ စာအုပ်ကိုကောက်ကိုင်ပြီး လှန်လှော
ရှာကြည့်လိုက်တော့ တွေ့ပါပြီ ကျောင်းအမကြီး ၀ိသာခါ။ ဒီတော့ ဦးပဇင်းကြီးက 
ငါ့ကိုဒုက္ခပေးတဲ့ " စောက်ကမျဉ်းမှဟာမ နင်ကဒီထဲရောက်နေ တာကိုး" ဟု
 နှုတ်မှထွက်သွားပါတော့တယ်။ ကန်တော့ပွဲလာပို့တဲ့ အမျိုးသမီးတွေ
ခမျာမှာတော့ ဦးဇင်းကြီး ပြောလိုက်တဲ့စကားကြောင့် ပြုံးစိစိနဲ့ ပြန်သွားကြလေရဲ့…….။

                                                                           လူတိုင်းပြုံးနိုင်ကြပါစေ…….။

Tuesday, 14 February 2012

စဉ်းစားကြည့်ရအောင်

စာအုပ်တွေကိုဖတ်နေရင်းနဲ့ တစ်ခါတုန်းက မန္တလေးသာသနာ့တက္ကသိုလ်မှာ
စတုတ္ထနှစ် ပညာသင်ယူစဉ် ဗုဒ္ဓဒေသနာပြန့်ပွားရေးဌာန ကထိကဆရာတော် ဦးသာသနရဲ့
စကားလေးကို သတိရမိလို့ရေးချင်စိတ် ပေါ်လာတာနဲ့ရေးလိုက်တာပါ။
ဆရာတော်ကဘာပြောလဲဆိုတော့ အရှင်ဘုရားတို့ စဉ်းစားကြည့်ရအောင်
…မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုမမြင်ရအောင် ဘာတွေနဲ့ကွယ်ထားသလဲ၊ တရားတော်တွေရဲ့
ဂုဏ်တော်တွေကိုမမြင်ရအောင် ဘယ်သူတွေနဲ့ကွယ်ထားသလဲ၊ သံဃာတော်တွေရဲ့ဂုဏ်တွေကို
မမြင်အောင် ဘယ်လိုသူတွေကွယ်ထားသလဲတဲ့ မေးပါတယ်။

       အောက်ကစာသင်သားတွေကတော့ ဆရာတော်ရဲ့အာဘော်ကိုနားလည်နေကြတော့
အမျိုးမျိုးပြောတာပေါ့။ မှားသွားလဲကိစ္စမရှိဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော်ဟာ
သူမေး ထားတဲ့မေးခွန်းကို သူကိုယ်တိုင်ပြန်ဖြေပေးတတ်လို့ပါ။ တစ်ချို့ဖြေကြတယ် မြတ်စွာဘုရားရဲ့
ဂုဏ်တော်ကိုမမြင်အောင် လိုက်ကာကွယ်ထားလို့ပါတဲ့။ ဘုရားကိုမမြင်ရတော့ ဘုရားရဲ့ဂုဏ်တော်ကို
မမြင်တော့ဘူးဘုရားတဲ့ ဒါကသဘောလောက်ရေးပြတာပါ။ စာသင်ခန်းထဲမှာတော့
အသံတွေ စုံနေအောင်ကို ကြားရတယ်။

          ဒီတော့မှဆရာတော်က ၁။ မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုမမြင်အောင် ရုပ်ပွားတော်ကွယ်ထားတယ်ဘုရား။၂။ တရားတော်တွေရဲ့ဂုဏ်တော်တွေကိုမမြင်အောင်တော့ 
ဓမ္မကထိကတွေက ကွယ်ထားတယ်ဘုရား၊၃။ သံဃာတော်တွေရဲ့ဂုဏ်ကိုမမြင်အောင်တော့ 
ဖုန်းဖုန်းတွေက ကွယ်ထားတယ်ဘုရားတဲ့ ဖြေပြပါတယ်။

         ရုပ်ပွားတော်တွေဘယ်လိုကြောင့် မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကို ကွယ်စေသလဲဆိုရင် ဘာသာရေးအသိဥာဏ်နည်းပါးသူတို့ဟာ ၀ိဇ္ဇာနည်းအရ ဓာတ်ပေါင်းစုံစုပြီး ဖိုဝင်၊သိဒ္ဓိတင်၊
စမ.ခံထားတဲ့ မုနိရုပ်ပွားတော်တွေကိုဆို အနာရောဂါကင်းတယ်။ စီးပွားတိုးတက်တယ်ဆိုပြီး
အိမ်မှာကိုးကွယ် ထားကြတာ။ အဲဒီရုပ်ပွားနောက်က လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းကြာအောင် ပါရမီဖြည့်ပြီးမှ ဖြစ်တော်မူလာတဲ့ဘုရား။မေတ္တာတော် ကရုဏာတော် ဥာဏ်တော်အားဖြင့်
အလွန်ကြီးမြတ်တော်မူသောဘုရား၊ သတ္တ၀ါတို့အပေါ်သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ
လွတ်မြောက်ကြောင်း ကိုယ်တိုင် လဲရှာဖွေ ကိုယ်သိတဲ့ အတိုင်းလဲပြန်လည်ဟောပြသော
ဘုရားရယ်လို့မမြင်တော့ဘဲ ဘိုးတော်ဘွား တော်တွေပေးထားတဲ့ဘုရားမှ တကယ့်
ဘုရားရယ်လို့မြင်နေကြလို့ပဲဘုရားတဲ့ ပြောပါတယ်။ ဘုရားရဲ့ ဂုဏ်တော်ကို မကိုးကွယ်ပဲ
ပုံတော်တွေကို ကိုးကွယ်နေသူတွေကိုပြောတာပါ။

          တရားဂုဏ်တော်ကိုတော့ ဓမ္မကထိကတွေကွယ်တယ်ဆိုတာ တစ်ချို့က နာမည်ကြီး
ဓမ္မကထိကတွေဟောတဲ့တရားမှ နာယူကြတယ်၊ သူတို့ဟောတဲ့တရားမှ တကယ့်တရားလို့
ထင်ကြတယ်၊ ကျန်တဲ့ဆရာတော်တွေရဲ့တရားဆိုရင် မနာယူချင်ကြတော့ဘူး။
 ဒါကိုပြောကြသေးတယ် ဒို့ဆရာတော် ဟောတဲ့တရားမှ နားထဲဝင်တယ်၊
ကျန်တဲ့ဆရာတော်တွေဆိုရင် ဒို့နားနဲ့မကိုက်ပေါင်တဲ့။ တရားဆိုတာ ဘယ်ပုဂ္ဂိုလ်ပဲ
 ဟောဟော ကိုယ့်အတွက်အနှစ်ထုတ်ယူတတ်ရင် မနာကောင်းတဲ့တရားရယ်လို့မရှိဘူး၊
တစ်ချို့ကပြောကြတယ် မဟာစည်နည်းမှ၊ မိုးကုတ်နည်းမှ၊ စွန်လွန်းနည်းမှ
ဖားအောက်နည်းမှ စသဖြင့်အားသန်ရာသန်ရာပြောကြတယ်။ ဘယ်နည်းပဲဖြစ်ဖြစ်
မိမိနဲ့ကိုက်ညီမယ်ဆိုရင် လုပ်ပါအကျိုး ရှိတယ်။ ဒါကိုတစ်ချို့ကမသိတော့ ဒို့နည်းကမှကောင်းတာ ကျန်တဲ့နည်းတွေက မကောင်းပါဘူးဆိုပြီး ကျန်တဲ့ဌာနတွေကိုတောင် အပြစ်မြင်လာကြတယ်။ ဒီလိုပုဂ္ဂိုလ်တွေက ပုဂ္ဂိုလ်ခင်မှတရားမြင်တဲ့သူတွေပါ။ တရားရဲ့ဂုဏ်တော်တွေကို
အာရုံပြုတာမဟုတ်ဘူး ပုဂ္ဂိုလ်တွေ ဌာနတွေကိုအာရုံပြုကြတာတဲ့ ရှင်းပြသွားတယ်။

        သံဃာ့ဂုဏ်တော်တွေကိုတော့ ဖုန်းဖုန်းတွေကွယ်တယ်ဆိုတာ တစ်ချို့လူတွေက
 ဒို့ဖုန်းဖုန်းမှ ကျန်တဲ့ဖုန်းဖုန်းဆို ဖုန်းဖုန်းမထင်တဲ့သူတွေရှိတယ်။ ဒါမျိုးအဖြစ်များ
တာတော့ လူချမ်းသာ ပိုက်ဆံရှိသူ တွေက ပိုအဖြစ်များတယ်။ သံဃာ့ဂုဏ်တော်
 တွေကို သေချာသိထားတဲ့သူတွေကတော့ မဖြစ်ပါဘူးတဲ့ ဒီလိုလေးဆရာတော်က
 ပြောတော့မှအော် ရတနာသုံးပါးရဲ့ဂုဏ်တွေကို သေချာမသိသူတွေဟာ
ဒီလိုတွေရှိနေပါလားလို့ တွေးလိုက်မိပါတယ်။

         ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်တိုင်းဟာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့
 နေရာမှာ ပုံတော်ချည်းလဲမကိုးကွယ်ရန်။ ပုဂ္ဂိုလ်စွဲဌာနစွဲတွေလဲ မလုပ်ရန်၊
 ဒို့ဖုန်းဖုန်း သူများဖုန်းဖုန်းတွေလဲ မလုပ်ရန်၊ ဘုရားဂုဏ်တော် တရားဂုဏ်တော်
သံဃာ့ဂုဏ်တော်တွေကို အာရုံပြုပြီး ကိုးကွယ်ဆည်းကပ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်…။

Tuesday, 31 January 2012

အောင်သူနှစ်ဦး


               အောင်မြင်မှုသည် လူတိုင်းအတွက် ၀မ်းမြောက်ဂုဏ်ယူဖွယ်ကောင်းသည်။ ကျရှုံးမှုသည် 
လူတိုင်းအတွက် ၀မ်းနည်းဖွယ်ကောင်းသည်။ လောကဓံတရားရှစ်ပါးတွင် အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုကို
တွဲဖက်ပြထားသည်။ အောင်မြင်ခြင်းကို သုခ၊ ကျရှုံးခြင်းကို ဒုက္ခဟုပြထားသည်။ ဒါ့ကြောင့် လူတစ်
ယောက်အတွက် အောင်မြင်မှု မရလျှင် ရှုံးနိမ့်မှုသာ ရမည်ဖြစ်သည်။ တကယ်တမ်း လောကဓံတရား
ရှစ်ပါးကို နားလည်ထားမည်ဆိုလျှင် အောင်မြင်ခြင်း ကျရှုံးခြင်းတို့ကို တွေ့ကြုံခံစားရသည်ရှိသော်
တုန်လှုပ်မှုမရှိကြပေ။ ဘယ်အတွက်ကြောင့်လဲဆိုလျှင် လောကဓံတရားကို ကောင်းကောင်းသဘော
ပေါက်နားလည်သောကြောင့်ဖြစ်သည်။ 
                 တစ်ချို့ဆိုလျှင် အောင်မြင်မှုအနည်းငယ်ရသည်ရှိသော် ဘ၀င်လေဟတ်၍ အောက်ခြေ
လွတ်ကာ  လောကတွင် ငါလုပ်လျှင် ဘာမဆိုရနိုင်သည်၊ ငါသာလောကမှာအတော်ဆုံးဟူသော 
မာနများတက်လာကြသည်။ တကယ်တမ်းစဉ်းစားကြည့်လျှင် ထိုအောင်မြင်မှုမျိုးသည် ကျရှုံးမှုနဲ့
ပြန်လည်ရင်ဆိုင်တွေ့နိုင်သောကြောင့် အောင်မြင်မှုအစစ်ဟု မဆိုသာပေ။ ပညာရှိသူတော်ကောင်း
တို့သည်လည်း ထိုအောင်မြင်မှုမျိုးကို တကယ့်အောင်မြင်မှုအစစ်ဟု မသတ်မှတ်ကြပေ။ ပညာရှိ
သူတော်ကောင်းများ သတ်မှတ်သော အောင်မြင်မှုမျိုးကား မိမိစိတ်ထဲ၌ အပြိုင်ကျဲ၍တိုက်ခိုက်
နေရသော အတွင်းရန်သူများကို အနိုင်တိုက်ခိုက်၍ အောင်မြင်မှုရယူနိုင်မှသာလျှင် တကယ့်
အောင်မြင်မှုအစစ်ဖြစ်သည်ဟု သတ်မှတ်ကြသည်။
          ဘုရားအလောင်းသည် တစ်ခုသောဘ၀တွင် သူဆင်းရဲသားဖြစ်လေသည်။ ဆင်းရဲသားဆိုသည့် 
အတိုင်း သူ့မှာပိုင်ဆိုင်တာဆို၍ ပေါက်တူးတစ်လက်သာပိုင်ဆိုင်သည်။ သူပိုင်ဆိုင်သည့် ပေါက်တူးလေးဖြင့်
ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက်ရသည်ကို ငြီးငွေ့လာသောအခါ ပေါက်တူးလေးကို လုံခြုံရာအရပ် ထားခဲ့၍ ရသေ့ဝတ်ကာ တရားအားထုတ်လေသည်။ တရားပင်အားထုတ်နေသော်လည်း သူ၏စိတ်တွင် ၀ှက်ထားခဲ့သော ပေါက်တူးလေးအပေါ် သံယောဇဉ်မပြတ်နိုင်ရကား တရားပဲဆက်အားထုတ်ရကောင်း
နိုးနိုး လူဝတ်လဲပြီး အလုပ်လုပ်စားရ ကောင်းနိုးနိုးဖြင့် စိတ်တွေခွဲခြားမရဖြစ်ကာ နောက်ဆုံးတွင် လူဝတ်
လဲ၍လုပ်ကိုင်စားသောက်ပြန်လေသည်။ လူ့ဘ၀တွင်လည်း ဆင်းရဲပင်ပန်းလွန်းသဖြင့် တစ်ခါရသေ့ဝတ်
ပြန်လေသည်။ ဒီလိုနဲ့ လူဝတ်လဲလိုက် ရသေ့ဝတ်လိုက်ဖြင့် ခြောက်ကြိမ်မြောက်လာသောအခါ ငါဒီလို
ဝတ်လိုက်ထွက်လိုက်လုပ်နေတာ ဟော့ဒီပေါက်တူးလေးအပေါ် သံယောဇဉ်မကုန်လို့ပဲ။ ဒီပေါက်တူးလေး 
မရှိရင် လူထွက်လာနိုင်စရာအကြောင်းမရှိတော့ဘူးဟုတွေးကာ ပေါက်တူးလေးကို မြစ်ထဲတွင်ဝှေ့
ယမ်းကာပြစ်လိုက်လေသည်။ နှုတ်မှလည်း " ဇိတံ မေ၊ ဇိတံ မေ " ငါအောင်ပြီ ငါအောင်ပြီဟု
ကြွေးကြော်လေသည်
            အဲဒီအချိန်တွင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ ဘုရင်မင်းတရားကြီးကလည်း နိုင်ငံအတွင်း
ဆူပူထကြွနေသော သူပုန်များကို နှိမ်နင်းပြီးလို့ပြန်အလာ သူဆင်းရဲသားတစ်ယောက် မြစ်ကမ်းနား မှာအော်လိုက်သောအသံကိုကြားရပြီး မင်းကြီးကအကြောင်းစုံကို မေးမြန်းခိုင်းသောအခါ သူဆင်း
ရဲသားတစ်ယောက်ရဲ့ အောင်မြင်စွာကြွေးကြော်လိုက်သော အကြောင်းရင်းများကို သိရလေသော
အခါ လေးစားသွားပြီး မင်းကြီးကိုယ်တိုင် မေးမြန်းလေသည်။ ဒီအခါတွင်မှ သူဆင်းရဲသားသည် အရှင်မင်းကြီး အရှင်မင်းကြီးရဲ့အောင်မြင်မှုဟာ အပြင်ရန်သူတွေကိုသာ အောင်နိုင်ခဲ့ပါတယ်။ ကျုပ်နိုင်အောင်မြင်ခဲ့သော အောင်မြင်မှုကား အတွင်းရန်သူကို အောင်နိုင်ခြင်းဖြစ်သည်။ အရှင်
မင်းကြီးရဲ့ အောင်မြင်မှုများကိုတော့ တစ်ခြားတစ်ဘက်ကလည်း အချိန်မရွေး ပြန်အောင်နိုင်သည်။
အကျုပ်န်ုပ်၏ အောင်မြင်မှုများကား တစ်ခြားတစ်ဖက်ကလည်း ဘယ်သောအခါမှ ပြန်အောင်မြင်နိုင်
မည်မဟုတ်ပါ။ ထို့ကြောင့် အောင်မြင်မှုနှစ်ခုတွင် အကျုပ်န်ုပ်၏ အောင်မြင်မှုသာ ပို၍မြတ်၏။ သာ၍ကောင်း၏ဟု ပြောကြားလိုက်သောအခါ ဘုရင်မင်းတရားကြီးသည် သဘောကျကာ သူဆင်း
ရဲသားနှင့်အတူ ရသေ့ဝတ်သွားလေသည်။ နောက်ပိုင်းတွင် ရသေ့များသည် အဘိညာဉ်ဈာန်ရရှိသည်
အထိ ဖြစ်သွားခဲ့သည်။
            အထက်ပါအကြောင်းအရာများကို သုံးသပ်ကြည့်ရလျှင် အပြင်ရန်သူများကို အောင်မြင်
နိုင်ခြင်းသည် အချိန်မရွေး တစ်ဖက်ရန်သူက ပြန်လည်၍အနိုင်ရရှိနိုင်ခြင်းကြောင့် အောင်မြင်မှု
အစစ်မဟုတ်ကြောင်း တကယ့်အစစ်အောင်မြင်မှုသည်ကား မိမိ၏အတွင်းရန်ဖြစ်သော သံယောဇဉ်
များကို တကယ်ပင်တိုက်ခိုက် ပယ်ဖျက်နိုင်ခြင်းပင်ဖြစ်ကြောင်းသိရလေသည်။






Friday, 27 January 2012

ဖိနှိပ်မှုနှင့်ချီးမြှောက်မှု

   လောကတွင် ဆုပေးဒဏ်ပေးစနစ်ရှိသည်။ အလုပ်တစ်ခုပြုလုပ်ရာတွင် အောင်မြင်စွာဆောင်ရွက်နိုင်လျှင်
ဆုပေးကြပြီး အထက်လူကြီးက ပေးအပ်ထားသော တာဝန်ကို ကျေပွန်အောင် မဆောင်ရွက်နိုင်လျှင်
ဒဏ်ပေးတတ်ကြသည်။ဒီလို ဆုပေးဒဏ်ပေး စနစ်ကိုကျင့်သုံးခြင်းဖြင့် တစ်ချို့သောလုပ်ငန်းများတွင်
အောင်မြင်သည်ကိုတွေ့ရသည်။ဒီစနစ်သည် လုပ်ငန်းခွင်အားလုံးတွင် အကျိုးသက်ရောက်မှု ရှိသည်မရှိသည်
ကိုတော့ မသိရပေ။ မိမိအနေနှင့်မူ ကြိုက်နှစ်သက်မိသည်။ ဆုပေးခြင်းဖြင့် လူတစ်ယောက်အား
ချီးမြှောက်ပြီးဖြစ်သည်။ ဒဏ်ပေးခြင်းဖြင့် လူတစ်ယောက်ကို ဆုံးမပေးပြီးဖြစ်သည်။
ဆုံးမပေးခြင်းသည်လည်း တနည်းအားဖြင့် ဖိနှိပ်ခြင်းလည်းဖြစ်သည်။

              ဖိနှိပ်သည်ဆိုရာတွင်လည်း လူတစ်ဖက်သားကို ဘ၀တက်လမ်းမရှိအောင်၊
             လူညွှန့််တုန်းအောင် ဖိနှိပ်ခြင်းမျိုးကိုမဆိုလို။ တော်တဲ့သူကို စံနမူထားပြီး
             ညံ့တဲ့သူကို တော်လာစေရန် နှိုင်းယှဉ်ဖိနှိပ်ခြင်းမျိုးကိုဆိုလိုသည်။


            မြတ်ဗုဒ္ဓသည်လည်း ရဟန်းတော်များကို ဆုံးမရာတွင် ဖိနှိပ်သင့်သူကို ဖိနှိပ်ပြီး ချီးမြှောက်သင့်သည်ကို ချီးမြှောက်ကြရန် ဆုံးမသြ၀ါဒ ပေးလေ့ရှိသည်။မြတ်ဗုဒ္ဓအလိုကျ ဖိနှိပ်မှုနှင့်ချီးမြှောက်မှုများကား တက်ကြွသော ရာဂစိတ်ကို ဖိနှိပ်ရမယ်။
အကုသိုလ်ပြုလုပ်ရမှာ တွန့်ဆုပ်သော စိတ်ကိုချီးမြောက်ရမယ်။ အကုသိုလ်ကို ဖိနှိပ်ရမယ်။ ကုသိုလ်ကို ချီးမြောက်ရမယ်။
အယောနိသော မနသိကာရလို့ခေါ်တဲ့ မသင့်မတင့် နှလုံးသွင်းခြင်းကို ဖိနှိပ်ရမယ်။ ယောနိသော မနသိကာရ သင့်တင့်စွာ
နှလုံးသွင်းခြင်းကို ချီးမြှောက်ရမယ်။ မှားယွင်းသော အကျင့်ကို ဖိနှိပ်ရမယ်။ မှန်ကန်သောအကျင့်ကို ချီးမြှောက်ရမယ်လို့
မြတ်စွာဘုရားက ရဟန်းတော်တွေကို သြ၀ါဒပေးလေ့ ရှိပါတယ်။

ဒါ့ကြောင့် မိမိတို့သည်လည်း အခြားသူများကို ဖိနှိပ်မှုချီးမြှောက်မှု မပြုချင်နေပါစေ မိမိတို့ကိုယ်ကို မိမိတို့ရဲ့စိတ်ကလေး ဖိနှိပ်မှုနဲ့ ချီးမြှောက်မှုတွေ ပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။