Tuesday 31 January 2012

အောင်သူနှစ်ဦး


               အောင်မြင်မှုသည် လူတိုင်းအတွက် ၀မ်းမြောက်ဂုဏ်ယူဖွယ်ကောင်းသည်။ ကျရှုံးမှုသည် 
လူတိုင်းအတွက် ၀မ်းနည်းဖွယ်ကောင်းသည်။ လောကဓံတရားရှစ်ပါးတွင် အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုကို
တွဲဖက်ပြထားသည်။ အောင်မြင်ခြင်းကို သုခ၊ ကျရှုံးခြင်းကို ဒုက္ခဟုပြထားသည်။ ဒါ့ကြောင့် လူတစ်
ယောက်အတွက် အောင်မြင်မှု မရလျှင် ရှုံးနိမ့်မှုသာ ရမည်ဖြစ်သည်။ တကယ်တမ်း လောကဓံတရား
ရှစ်ပါးကို နားလည်ထားမည်ဆိုလျှင် အောင်မြင်ခြင်း ကျရှုံးခြင်းတို့ကို တွေ့ကြုံခံစားရသည်ရှိသော်
တုန်လှုပ်မှုမရှိကြပေ။ ဘယ်အတွက်ကြောင့်လဲဆိုလျှင် လောကဓံတရားကို ကောင်းကောင်းသဘော
ပေါက်နားလည်သောကြောင့်ဖြစ်သည်။ 
                 တစ်ချို့ဆိုလျှင် အောင်မြင်မှုအနည်းငယ်ရသည်ရှိသော် ဘ၀င်လေဟတ်၍ အောက်ခြေ
လွတ်ကာ  လောကတွင် ငါလုပ်လျှင် ဘာမဆိုရနိုင်သည်၊ ငါသာလောကမှာအတော်ဆုံးဟူသော 
မာနများတက်လာကြသည်။ တကယ်တမ်းစဉ်းစားကြည့်လျှင် ထိုအောင်မြင်မှုမျိုးသည် ကျရှုံးမှုနဲ့
ပြန်လည်ရင်ဆိုင်တွေ့နိုင်သောကြောင့် အောင်မြင်မှုအစစ်ဟု မဆိုသာပေ။ ပညာရှိသူတော်ကောင်း
တို့သည်လည်း ထိုအောင်မြင်မှုမျိုးကို တကယ့်အောင်မြင်မှုအစစ်ဟု မသတ်မှတ်ကြပေ။ ပညာရှိ
သူတော်ကောင်းများ သတ်မှတ်သော အောင်မြင်မှုမျိုးကား မိမိစိတ်ထဲ၌ အပြိုင်ကျဲ၍တိုက်ခိုက်
နေရသော အတွင်းရန်သူများကို အနိုင်တိုက်ခိုက်၍ အောင်မြင်မှုရယူနိုင်မှသာလျှင် တကယ့်
အောင်မြင်မှုအစစ်ဖြစ်သည်ဟု သတ်မှတ်ကြသည်။
          ဘုရားအလောင်းသည် တစ်ခုသောဘ၀တွင် သူဆင်းရဲသားဖြစ်လေသည်။ ဆင်းရဲသားဆိုသည့် 
အတိုင်း သူ့မှာပိုင်ဆိုင်တာဆို၍ ပေါက်တူးတစ်လက်သာပိုင်ဆိုင်သည်။ သူပိုင်ဆိုင်သည့် ပေါက်တူးလေးဖြင့်
ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက်ရသည်ကို ငြီးငွေ့လာသောအခါ ပေါက်တူးလေးကို လုံခြုံရာအရပ် ထားခဲ့၍ ရသေ့ဝတ်ကာ တရားအားထုတ်လေသည်။ တရားပင်အားထုတ်နေသော်လည်း သူ၏စိတ်တွင် ၀ှက်ထားခဲ့သော ပေါက်တူးလေးအပေါ် သံယောဇဉ်မပြတ်နိုင်ရကား တရားပဲဆက်အားထုတ်ရကောင်း
နိုးနိုး လူဝတ်လဲပြီး အလုပ်လုပ်စားရ ကောင်းနိုးနိုးဖြင့် စိတ်တွေခွဲခြားမရဖြစ်ကာ နောက်ဆုံးတွင် လူဝတ်
လဲ၍လုပ်ကိုင်စားသောက်ပြန်လေသည်။ လူ့ဘ၀တွင်လည်း ဆင်းရဲပင်ပန်းလွန်းသဖြင့် တစ်ခါရသေ့ဝတ်
ပြန်လေသည်။ ဒီလိုနဲ့ လူဝတ်လဲလိုက် ရသေ့ဝတ်လိုက်ဖြင့် ခြောက်ကြိမ်မြောက်လာသောအခါ ငါဒီလို
ဝတ်လိုက်ထွက်လိုက်လုပ်နေတာ ဟော့ဒီပေါက်တူးလေးအပေါ် သံယောဇဉ်မကုန်လို့ပဲ။ ဒီပေါက်တူးလေး 
မရှိရင် လူထွက်လာနိုင်စရာအကြောင်းမရှိတော့ဘူးဟုတွေးကာ ပေါက်တူးလေးကို မြစ်ထဲတွင်ဝှေ့
ယမ်းကာပြစ်လိုက်လေသည်။ နှုတ်မှလည်း " ဇိတံ မေ၊ ဇိတံ မေ " ငါအောင်ပြီ ငါအောင်ပြီဟု
ကြွေးကြော်လေသည်
            အဲဒီအချိန်တွင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ ဘုရင်မင်းတရားကြီးကလည်း နိုင်ငံအတွင်း
ဆူပူထကြွနေသော သူပုန်များကို နှိမ်နင်းပြီးလို့ပြန်အလာ သူဆင်းရဲသားတစ်ယောက် မြစ်ကမ်းနား မှာအော်လိုက်သောအသံကိုကြားရပြီး မင်းကြီးကအကြောင်းစုံကို မေးမြန်းခိုင်းသောအခါ သူဆင်း
ရဲသားတစ်ယောက်ရဲ့ အောင်မြင်စွာကြွေးကြော်လိုက်သော အကြောင်းရင်းများကို သိရလေသော
အခါ လေးစားသွားပြီး မင်းကြီးကိုယ်တိုင် မေးမြန်းလေသည်။ ဒီအခါတွင်မှ သူဆင်းရဲသားသည် အရှင်မင်းကြီး အရှင်မင်းကြီးရဲ့အောင်မြင်မှုဟာ အပြင်ရန်သူတွေကိုသာ အောင်နိုင်ခဲ့ပါတယ်။ ကျုပ်နိုင်အောင်မြင်ခဲ့သော အောင်မြင်မှုကား အတွင်းရန်သူကို အောင်နိုင်ခြင်းဖြစ်သည်။ အရှင်
မင်းကြီးရဲ့ အောင်မြင်မှုများကိုတော့ တစ်ခြားတစ်ဘက်ကလည်း အချိန်မရွေး ပြန်အောင်နိုင်သည်။
အကျုပ်န်ုပ်၏ အောင်မြင်မှုများကား တစ်ခြားတစ်ဖက်ကလည်း ဘယ်သောအခါမှ ပြန်အောင်မြင်နိုင်
မည်မဟုတ်ပါ။ ထို့ကြောင့် အောင်မြင်မှုနှစ်ခုတွင် အကျုပ်န်ုပ်၏ အောင်မြင်မှုသာ ပို၍မြတ်၏။ သာ၍ကောင်း၏ဟု ပြောကြားလိုက်သောအခါ ဘုရင်မင်းတရားကြီးသည် သဘောကျကာ သူဆင်း
ရဲသားနှင့်အတူ ရသေ့ဝတ်သွားလေသည်။ နောက်ပိုင်းတွင် ရသေ့များသည် အဘိညာဉ်ဈာန်ရရှိသည်
အထိ ဖြစ်သွားခဲ့သည်။
            အထက်ပါအကြောင်းအရာများကို သုံးသပ်ကြည့်ရလျှင် အပြင်ရန်သူများကို အောင်မြင်
နိုင်ခြင်းသည် အချိန်မရွေး တစ်ဖက်ရန်သူက ပြန်လည်၍အနိုင်ရရှိနိုင်ခြင်းကြောင့် အောင်မြင်မှု
အစစ်မဟုတ်ကြောင်း တကယ့်အစစ်အောင်မြင်မှုသည်ကား မိမိ၏အတွင်းရန်ဖြစ်သော သံယောဇဉ်
များကို တကယ်ပင်တိုက်ခိုက် ပယ်ဖျက်နိုင်ခြင်းပင်ဖြစ်ကြောင်းသိရလေသည်။






No comments:

Post a Comment