စိတ်ချမ်းသာအောင် ဘယ်လိုနေထိုင်မလဲ ဒီမေးခွန်းဟာ လူတိုင်းအတွက် အဖြေရှိပြီးသား ဖြစ်ပါမယ်။အမေးရှိလို့အဖြေရှိတာ
မဆန်းပေမည့် အဲဒီအဖြေကို မလိုက်နာနိုင်လို့လား ဒါမှမဟုတ်
အဖြေကိုပဲတိကျသေချာစွာ မသိရှိလို့လား နေ့စဉ်ပေါင်းသင်းဆက်ဆံရေးတွေမှာ
ဒေါသတွေဖြစ်နေ ကြတာ တွေ့မြင်နေရတယ်။ ဒေါသဖြစ်ရင် ဘယ်သူခံစားရလဲ
ဒေါသဖြစ်သူကိုယ်တိုင်ပဲ ရင်တွင်းမီးတွေ တစ်လှပ်လှပ်နဲ့ ပူလောင်နေလို့
ဒေါသဖြစ်သူကိုယ်တိုင်ပဲ
ခံစားရတယ်။ ဒါ့ကြောင့်မြတ်ဗုဒ္ဓက ဒေါသမူစိတ်ကို အကုသိုလ်စိတ်(၁၂)ပါးမှာ ထည့်သွင်းခဲ့တာပါ။
ပြဇာတ်ခွေထဲကစကားလေးတစ်ခွန်းနဲ့ ငယ်ငယ်ကတော့ အမေကဆုံးမဖူးတယ်။ ငြိမ်ငြိမ်နေ၊ တိုးတိုးပြော၊
အေးအေးလူလူဆက်ဆံတဲ့ ဒီစကားလေးဟာ လူမှုပေါင်းသင်းရေးမှာ လူအမုန်း မခံရအောင် နေနည်းထိုင်နည်းပဲတဲ့။
လူအမုန်းမခံရရင် စိတ်ဆိုးမှုတွေလဲမရှိတော့ စိမ်းချမ်းသာတယ်၊ လူအများနဲ့အတိုက်အခံမဖြစ်တော့ဘူးတဲ့ အမေကသူသိသာလေးနဲ့ပြောပြခဲ့ဘူးတယ်။ ဒီစကားလေး ဟာ ဆက်ဆံရေးနယ်ပယ်မှာ ထိုက်သင့်သလောက် အကျိုးပြုပေမဲ့ ဗုဒ္ဓစာပေတွေကို ဖတ်ရှုလေ့လာ တဲ့ အခါမှာတော့ အထက်ပါ ငြိမ်ငြိမ်နေ၊ တိုးတိုးပြော၊ အေးအေးလူလူဆက်ဆံဆိုတဲ့စကားဟာ မပြည့်စုံဘူးဆိုတာကိုတွေ့လိုက်ရတယ်။
ကိုယ်ကဘယ်လိုပင် ကောင်အောင်နေသော်လဲ တစ်ဖက်သားက ရန်မှုစေမည့်စကား၊ ဒေါသဖြစ်စေမည့်
စကားတွေပြောလာရင် လူဆိုတာ စိတ်ဆိုးတတ်ရန်ဖြစ်တတ်တာမို့ အမှားတွေ ကျူးလွန်မိပြန်ရော။ ဒီအခါမှာ စိတ်ချမ်းသာမှု
ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါ့ကြောင့်တကယ် စိတ်ချမ်းသာစေချင်ရင် မြတ်ဗုဒ္ဓပေးသော နည်းလမ်းကသာ အကောင်းဆုံး
အဖြစ်တွေ့ရတယ်။ မြတ်ဗုဒ္ဓက ဒေါသကို ဥပမာအမျိုးမျိုးနဲ့ခိုင်းနှိုင်းပြထားခဲ့တယ်။ ဒေါသဟာဘာနှင့်တူသလဲဆိုရင် မီးကျီးခဲနဲ့တူတယ်။ မီးကျီးခဲဟာ သူ့ဟာနဲ့သူနေရင် မပူလောင်ဘူး။ ဒီလိုမှမဟုတ်ဘဲမိမိကိုယ်တိုင်က ကိုင်မိလျှင်ဖြစ်စေ တစ်ခြားသူတစ်ဦးကယူဆောင်လာပြီး လာတို့ထိလျှင်ဖြစ်စေ ပူလောင်စေတတ်ပါ တယ်။ ပူလောင်ပြီးဆိုကတည်းက မကောင်းတဲ့ခံစားမှုတွေဖြစ်ပေါ်လာသလို ဒေါသဖြစ်သူဟာ စိတ်ချမ်း သာစရာမရှိပါဘူး။
နောက်ပြီးဒေါသဖြစ်သူဟာ " ကောဓော အတ္ထံ နဇာနာတိ " စိတ်ဆိုးအမျက်ထွက်တဲ့သူဟာ အကောင်းအဆိုးကို
မခွဲခြားနိုင်တော့ဘူး။ စိတ်ဆိုးဒေါသထွက်နေချိန်မှာ ဘေးနားကလူက အမှန်တွေ လာပြောနေရင်တောင် သူ့စိတ်ထဲမှာ အမှားလို့ထင်တတ်ကြတယ်လေ။ ဒီတော့ ဒေါသကို ဘယ်လိုထိမ်းမလဲ။ မြတ်ဗုဒ္ဓကတော့ ဗြဟ္မဏ၀ဂ်၊ အက္ကောသက ဘာရဒွါဇသုတ်မှာ ပြထားခဲ့တယ်။ တစ်ဖက်သားက လိပ်စာအတိကျနှင့်တကွ ပစ္စည်းတစ်ခုပို့မယ်ဆိုရင် ဒီဘက်လူက အဲဒီပစ္စည်း ကိုလက်ခံလိုက်ရင် အဲဒီပစ္စည်းဟာ ဒီဘက်လူလက်ထဲရောက်လာမှာ။ တကယ်လို့ လက်မခံဘူးဆိုရင် တော့ အဲဒီပစ္စည်းဟာ ပို့တဲ့သူထံပြန်ရောက်သွားပါမယ်။ ထို့အတူပဲ တစ်ဖက်သားက ကိုယ့်ကိုယ်ဒေါသ ဖြစ်စေမည့်စကားလုံးတွေနဲ့ ပြစ်ပေါက်လာမယ်၊ အမူအရာတွေနဲ့စော်ကားလာမယ်ဆိုရင် အဲဒီစကား လုံးတွေ၊ အမူအရာတွေကို ကိုယ်ကလက်ခံလိုက်ရင် ဒေါသဆိုတာ
ဖြစ်ပေါ်လာတာပါ။ ဒေါသဖြစ်ပေါ် လာရင် စိတ်ချမ်းသာမှုဆိုတာ ဘယ်ဖြစ်နိုင်တော့မလဲ။ တစ်ဖက်သားရဲ့စကားလုံးတွေ၊ ထိုးနှက်ချက် တွေကို ကိုယ်ကလက်မခံရင် အဲဒီစကားလုံးတွေ၊ ထိုးနှက်ချက်တွေဟာ ပြောတဲ့သူထံပြန်သွားပြီး တစ်ဖက်သားမှာပြန်ပူလောင်စေပါတယ်။
ဒါ့ကြောင့် တစ်ဖက်သားကဘာတွေပဲပြောပြော၊ ဘာတွေပဲလုပ်လုပ် ကိုယ်ကနားလည်မှုပေးပြီး
ပြန်မတုန့်ပြန်မိပါစေနဲ့။ ပြန်တုန့်ပြန်မိလိုက်ရင် ကိုယ့်ကိုယ်ပါ အပူလာဟတ်တော့မယ်ဆိုတာ သတိထားသင့်ပါတယ်။ မြတ်ဗုဒ္ဓနဲ့ အက္ကောသကဘာရဒွါဇ ပုဏ္ဏားကြီးတို့ စကားစစ်ထိုးခန်းမှ စိတ်ချမ်းသာစွာနေချင်သူများအတွက် ကောက်နှုတ်တင်ပြလိုက်ပါတယ်။
အားလုံးပျော်ရွှင်စွာနေနိုင်ကြပါစေ…..။